စက်တင်ဘာလ (၂၉)ရက်။
မနေ့က ဇေကမ္ဘာ ဦးခင်ရွှေကို ကျန်းမာရေးအခြေအနေကြောင့်ဆိုပြီး စစ်ကောင်စီက လွတ်ငြိမ်းနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေထံက သိရပါတယ်။
“ ဇေကမ္ဘာ ဦးခင်ရွှေကို ကျန်းမာရေးကြောင့် ပြစ်ဒဏ်လျော့ပေါ့ပေးပြီး မနေ့က အင်းစိန်ထောင်ဆေးရုံကနေ ပြန်လွှတ်ပေးလိုက်တာပါ၊ ဒီနေ့မှာတော့ သာသနာ့ဘောင်၀င်မယ်ကြားတယ်” လို့ နီးစပ်သူအချို့က ဆိုပါတယ်။
ဇေကမ္ဘာ ဦးခင်ရွှေဟာ အကျဉ်းကျနေချိန် ရန်ကုန်ဆေးရုံကြီးရှိ ဦးနှောက်နဲ့ အာရုံကြောခွဲစိတ်ကုသဆောင်ရဲ့ သီးသန့်ခန်းမှာ ဧပြီလကစပြီး ဦးခေါင်းခွဲစိတ်ကုသခဲ့ရတယ်လို့ သိရပါတယ်။
ဒီလိုကျန်းမာရေးအခြေအနေတွေကြောင့် ထောင်ဒဏ်ချမှတ်ထားတဲ့ ဇေကမ္ဘာ ဦးခင်ရွှေကို စစ်ကောင်စီက ပြစ်ဒဏ်လျော့ပေါ့ပေးကာ ပြန်လွှတ်ပေးခဲ့ပေမယ့် အမှုတွဲက သားဖြစ်သူ ဇေသီဟတော့ ပြန်လွတ်လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။
ဇေကမ္ဘာ ဦးခင်ရွှေကို ရှေးဟောင်းအဆောက်အအုံတွေ ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ (၂၄)နဲ့ စစ်ကောင်စီက ဗဟန်းမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့ပြီးနောက် ထောင်ဒဏ် (၇)နှစ် ချမှတ်ခဲ့တာလို့ သိရပါတယ်။