စက်တင်ဘာလ (၃၀)ရက်။
စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူရာမှာ ပူးပေါင်းပါ၀င်သူတွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ချင်းညီနောင်ရဲ့ ဒီကနေ့မှာ သတိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ အောက်တိုဘာလ (၁)ရက်နေ့ကစပြီး (၁၅)ရက်နေ့အထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူဖို့ ပြင်ဆင်နေတာဟာ အာဏာသက်ဆိုးရှည်ဖို့ကို ရည်ရွယ်တာလို့ ဆိုပါတယ်။
အခုလို ပြည်တွင်းစစ်မီးတွေနဲ့ တိုင်းပြည်မတည်မငြိမ်ဖြစ်နေပြီး ပြည်သူတွေအနေနဲ့ စစ်ဘေး၊ သဘာ၀ဘေးနဲ့ ရင်ဆိုင်နေရချိန် အတုအယောင်ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကို အသုံးပြုတာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ သန်းခေါင်စာရင်း ကောက်ယူပြီး စစ်သားစုဆောင်းဖို့နဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နိုင်မယ့် ကိစ္စရပ်တွေမှာ အသုံးပြုဖို့အတွက် ရည်ရွယ်ပြီး ပြင်ဆင်လာတာဟာ မိုက်ရူးရဲဆန်ပြီး အာဏာမက်မောတာကို ပြသနေတာလို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် နိုင်ငံတကာအဖွဲ့တွေ၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ အဓမ္မလုပ်ရပ်အပေါ် ကူညီပံ့ပိုးတာ၊ ပူးပေါင်းပါ၀င်တာတွေ မပြုကြဖို့ကိုလဲ ချင်းညီနောင်အဖွဲ့က တောင်းဆိုထားပါတယ်။
စစ်ကောင်စီဟာ လာမယ့်နှစ်ထဲ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူဖို့ ကြိုးပမ်းနေပြီး ပူးပေါင်းပါ၀င်ပေးကြဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းထားတယ်လို့ သိရပါတယ်။