ဒီဇင်ဘာလ (၃၀)ရက်။
ဒီကနေ့ နံနက် (၁၀)နာရီ (၄၅)မိနစ်အချိန်က ချောင်းဦးမြို့ကနေထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မုံရွေးတိုးဂိတ်အနီး မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
“ ချောင်းဦးမြို့ကနေထွက်လာတဲ့ စခသံပြားကာကားနဲ့ အိမ်စီးကားယာဉ်တန်းကို ချောင်းဦး-မုံရွာလမ်းပိုင်း မုံရွေးတိုးဂိတ်နားမှာ (၃)စီးမြောက် စခသံပြားကာကားကို အသင့်ပြင်ထားတဲ့ ရှေ့ထွက်မိုင်း(၂)လုံးနဲ့ တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
ချောင်းဦး-မုံရွာလမ်းပိုင်းရှိ မုံရွေးတိုးဂိတ်အနီးအရောက်မှာ စစ်ကောင်စီရဲ့ သံပြားကာကား(၃)စီးနဲ့ အိမ်စီးကားတစ်စီးပါ ယာဉ်တန်းထဲက (၃)စီးမြောက် သံပြားကာကားကို ရှေ့ထွက်မိုင်း (၂)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်ပျက်စီးတဲ့ နောက်ဆက်တွဲအခြေအနေကိုတော့ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ဒီဇင်ဘာလ (၂၂)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်ခန့်က မုံရွာမြို့ကထွက်လာတဲ့ စစ်ကောင်စီရဲ့ သံပြားကာကား (၂)စီးနဲ့ (၆)ဘီးကားတစ်စီးပါယာဉ်တန်းကို ထန်းလုံးမိုင်း အကြီးတစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ဒါ့အပြင် ည(၈)နာရီ (၁၇)မိနစ်အချိန်မှာလဲ အဲ့ဒီယာဉ်တန်းကို ချောင်းဦးမြို့ နတ်ရေကန်နဲ့ ရေပိုးစားကြားမှာ ပဒေသာမိုင်း (၄)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး သံပြားကာကားတစ်စီး ထိခိုက်ပျက်စီးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး သေဆုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် မုံရွာ-မန္တလေးလမ်းပိုင်းကို အသုံးပြုနေတဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီယာဉ်တန်းတွေနဲ့ တွေ့ပါက ခပ်ဝေးဝေးကနေ ရှောင်ရှားကြဖို့နဲ့ တိုက်ပွဲတွေနဲ့ ကြုံတွေ့ပါက ရောက်တဲ့နေရာမှာ ရပ်တန့်ပေးဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။