မတ်လ (၃၁) ရက်။
စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသည် ဘန်ဒါဘန်မြို့နယ် နိုင်ခေါင်ချာဟာရီ အူပဇီလာမှတဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ခိုလှုံလာခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံသတင်းဌာန Dhaka Tribune က ဖော်ပြခဲ့သည်။ မတ်လ (၃၀) ရက် စနေနေ့နံနက်တွင် တမ်ဘရူ (Tambru) နယ်စပ်မှတဆင့် အူပဇီလာရှိ ဂန်ဒမ်အပ် (Ghumdhum UP) ၏ ရပ်ကွက် ၂ သို့ ဝင်ရောက်လာပြီးနောက် အစိုးရမူလတန်း ကျောင်းတွင် ခိုလှုံခဲ့ကြသည်ဟု ဆိုသည်။ ဘန်ဒါဘန်မြို့နယ် လက်ထောက်ကော်မရှင်နာ ရှားမူဂျာဟစ်အူဒင် (Shah Mujahid Uddin) က အဆိုပါ အချက်အလက်ကို အတည်ပြုခဲ့သည်။
အဆိုပါ သုံးဦးသည် စစ်ကောင်စီနှင့် AA အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် အသက်ရှင် ရပ်တည်ရန် မဖြစ်နိုင်တော့သည့်အတွက်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုလှုံလာခဲ့ကြသည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။ ၎င်းတို့အား တမ်ဘရူ အစိုးရ မူလတန်းကျောင်းတွင် လက်နက်ဖြုတ်သိမ်းကာ ခိုလှုံနေထိုင်ခွင့် ပြုခဲ့သည်။ မတ်လ ၁၁ ရက် အစောပိုင်းကလည်း မြန်မာတပ်မတော်မှအရာရှိသုံးဦး အပါအဝင် နယ်ခြားစောင့်ကင်းလှည့်တပ်ဖွဲ့ (BGP) အဖွဲ့ဝင် ၁၇၇ ဦးသည် ဂျမ်ချာရီနယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံခဲ့သည်။