ဇူလိုင်လ (၃၁)ရက်။
မနေ့က ရေစကြိုမြို့နယ်၊ ဟင်္သာပျုကျေးရွာကနေထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ်-ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပခုက္ကူမြိုနယ် တပ်မ(၁၀၁)က စစ်ကောင်စီတပ်တွေနဲ့ ဟင်္သာပျူကျေးရွာက ပျူစောထီးတွေ ပူးပေါင်းထားတဲ့ အင်အား (၆၀)ခန့်ဟာ မနေ့က နံနက် (၈)နာရီအချိန်မှာ ရွာထဲကနေ ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။
ရွာကနေထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို နံနက် (၈)နာရီခွဲအချိန်မှာ ကိုရင့်ကျေးရွာနဲ့ ကိုရင့်ကျွန်းကြားအရောက်မှာ ကာကွယ်ရေးရဲဘော်တွေက အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီပစ်ခတ်တိုက်ခိုက်တာဟာ နံနက် (၁၁)နာရီခွဲအချိန်အထိ (၃)နာရီကြာမြင့်ခဲ့ကာ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းက ပျူစောထီး (၄)ဦး နေရာမှာပဲ သေဆုံးသွားခဲ့ကာ ဒဏ်ရာရရှိတာတွေ ရှိတယ်လို့ ရေးသားထားပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီစစ်ကြောင်းကနေ ကာဘိုင်ကျည် (၂၀၀)၊ ကာဘိုင်ကျည် (၂)ဘောက်၊ ၄၀မမ ဗုံးသီးတစ်လုံး၊ G3 ကျည်ဘောက်တစ်ခု၊ AK ကျည် (၂)ဘောက်နဲ့ ၇.၆၂မမ ကျည် (၂၀)ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာ ဟင်္သာပျူရွာထဲကို ပြန်လည်၀င်ရောက်သွားပြီး ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။