ဩဂုတ်လ (၃၁)ရက်။
မနေ့က ည (၈)နာရီခွဲအချိန်မှာ လားရှိုးမြို့ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လားရှိုးမြို့ပြန်လည်ထူထောင်ရေးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ည (၈)နာရီ (၄၅)မိနစ်လောက်မှာ စကစက လေကြောင်းနဲ့ (၂)ကြိမ် တိုက်ခိုက်ခဲ့တာပါ။ စာသင်ကျောင်းနဲ့ လူနေအဆောက်အအုံတွေ ထိမှန်ပျက်စီးခဲ့ပါတယ်။ အသေးစိတ်စာရင်းကိုတော့ ပြုစုနေဆဲဖြစ်ပါတယ်” လို့ ဆိုပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမှတ်(၈) အထက်တန်းကျောင်းနဲ့ အလယ်တန်းကျောင်းအနီးရှိ လူနေအဆောက်အအုံတို့ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“ ကျတာက အမှတ်(၈) အထက်တန်းကျောင်းကို ဗုံးတစ်လုံးကျတယ်၊ ပြီးတော့ နောက်ထပ်ဗုံးတစ်လုံးက အလယ်တန်းကျောင်းနားက လူနေအဆောက်အအုံတခုကို ကျသွားတာ။ ဗုံးပေါက်ကွဲတဲ့အတွက် စာသင်ကျောင်းက ကျောင်းဆောင်တွေ ပျက်စီးသွားတယ်။ လူနေအဆောက်အအုံရဲ့ အပေါ်ဆုံးထပ်လဲ ပြင်းပြင်းထန်ထန် ပျက်စီးခဲ့တယ်” လို့ ရေးသားထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် လားရှိုးမြို့နေပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့ခဲ့ရပေမယ့် လူထိခိုက်သေဆုံးတာမရှိခဲ့သလို သက်ဆိုင်ရာဌာနတွေက ပျက်စီးသွားတဲ့ စာရင်းတွေကို ဆက်လက်ပြုစုနေဆဲဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အခုအခါ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအ၀င် လားရှိုးမြို့ကို ကိုးကန့်တပ်(MNDAA)က ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရားနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။