ဒီဇင်ဘာလ (၃၁)ရက်။
အခု ၂၀၂၄ခုနှစ်ထဲ အကျဉ်းထောင်ထဲနဲ့ ထောင်ပြင်ပတို့မှာ ဥပဒေမဲ့သတ်ဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ (၉)ဦးရှိခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဖမ်းဆီးခံရပြီးနောက် အကျဉ်းထောင်ထဲနဲ့ ထောင်ပြင်ပတို့မှာ သတ်ဖြတ်ခံရသူ (၉)ဦးဟာ အမျိုးသား (၈)ဦးနဲ့ အမျိုးသမီး (၁)ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပြီး အကျဉ်းထောင်ထဲ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိတဲ့အတွက် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း (၂၂)ဦးအထိရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ အနည်းဆုံး (၁၄၈)ဦးကို အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ လက်ကိုင်တုတ်တွေဖြစ်တဲ့ အခြားရာဇဝတ်အကျဉ်းသားတွေက ဥပဒေမဲ့ ညှင်းပန်းနှိပ်စက်ရိုက်နှက်ခဲ့တယ်လို့ ရေးသားထားပါတယ်။
တစ်နှစ်တာထဲ ထောင်ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသား (၃၀၅၄)ဦးရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ (၁၇၈၃)ဦးဟာ မိသားစုနဲ့ဝေးကွာတဲ့ အကျဉ်းထောင်တွေကို ပြောင်းရွှေ့ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အကျဉ်းထောင်ထဲ ညှင်းပန်းနှိပ်စက်ပြီးနောက် တိုက်ပိတ်ခံရတဲ့အရေအတွက်ဟာ (၇၆)ဦးရှိပြီး ထောင်ထဲ ကလေးနဲ့အတူရှိနေတဲ့ နိုင်ငံရေးအကျဉ်းသူ အနည်းဆုံး (၃၅)ဦး အကျဉ်းချခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။
PPNM အနေနဲ့ အခုနှစ်ကုန်ထုတ်ပြန်တဲ့ အစီရင်ခံစာဟာ နိုင်ငံတဝန်းရှိ အကျဉ်းထောင် (၄၁)ခုက လူ့အခွင့်အရေးချိုးဖောက်တဲ့ အစီရင်ခံစာဖြစ်ပြီး မြေပြင်မှာ အရေအတွက်ပိုများနိုင်တယ်လို့ သိရပါတယ်။