ဇန်နဝါရီလ (၇)ရက်။
မနေ့က ည (၁၁)နာရီ (၁၀)မိနစ်အချိန် ပုလောမြို့ အမှတ်(၂)ရပ်ကွက်ရှ်ိ စစ်ကောင်စီရဲ့ စရဖရုံးကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ညက ပုလောမြို့ စကစလက်အောက်ခံ စရဖရုံးကို ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ခဲ့တာ။ အဲ့ဒီမှာ စခတွေအကုန် သေနတ်တွေရမ်းပစ်ပြီး ကြောက်လန့်တကြား ထွက်ပြေးသွားကြတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ အကြမ်းဖက်စရဖရုံးကို စီးနင်းပစ်ခတ်ချိန် တပြိုင်ထဲ စစ်ကောင်စီတပ်တွေဟာ သေနတ် (၆)ချက်ခန့် ရမ်းသန်းပစ်ခတ်ကာ ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့တာလို့ သိရပါတယ်။
အဲ့ဒီနောက် စရဖရုံးကို ဝင်ရောက်ရှာဖွေခဲ့ကာ သေနတ်ကျည်ဘောက် (၂)ခုနဲ့ အဲ့ဒီကျည် (၁၀၀)အပါအဝင် စာရွက်စာတမ်းတွေ သိမ်းဆည်းရမိခဲ့ပြီး ရုံးကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ စရဖရုံးကို မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။