ဇန်နဝါရီလ (၇)ရက်။
ဇန်နဝါရီလ (၄)ရက်နေ့က မိတ္ထီလာမြို့ ရဲတပ်ရင်း (၃၅)က စစ်ကောင်စီရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ Southern YSO PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ မိတ္ထီလာမြို့ ရဲတပ်ရင်း (၃၅)က (၁၉)နှစ်အရွယ် ရဲတပ်သား မောင်နေသူအောင်က ရေစကြိုတောင်ပိုင်း PDF ဆီကို လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာခဲ့တာ” လို့ ဆိုပါတယ်။
အလင်းဝင်လာသူဟာ မိတ္ထီလာမြို့ ရဲတပ်ရင်း (၃၅)က အသက် (၁၉)နှစ်အရွယ် ရဲတပ်သား မောင်နေသူအောင် (ကိုယ်ပိုင်အမှတ်-တ/၃၀၄၄၀၉)ဖြစ်ပြီး သူဟာ ညောင်ဦးမြို့ ကုတင်(၁၀၀)ဆေးရုံမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတာလို့ ဖော်ပြထားပါတယ်။
သူဟာ ရေစကြိုတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Southern YSO PDF)ထံ ပါးရီ စက်ကလေးသေနတ် အမျိုးအစား(ခ) 81 သေနတ်(၁)လက်၊ ကျည်ဘောက် (၂/ခုနဲ့ ၇.၆၂ကျည် (၅၀)တောင့်တို့နဲ့အတူ အလင်းဝင်လာတာလို့ ရေးသားထားပါတယ်။
အခုလို လက်နက်အပ် အလင်းဝင်လာတဲ့ ရဲတပ်သား မောင်နေသူအောင်ကို ဆုငွေ ကျပ်သိန်း(၄၀) ချီးမြှင့်ခဲ့ပြီး သူနေထိုင်ချင်တဲ့ အရပ်ကို ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးထားပြီးဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အခုအချိန်အထိ Southern YSO PDF ထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား အများအပြားရှိနေကာ အချို့ကို သူတို့နေထိုင်လိုတဲ့ ဒေသဆီ ပို့ဆောင်ပေးထားပြီး အချို့ဟာလဲ အာဏာရှင်တော်လှန်တဲ့လုပ်ငန်းစဉ်ထဲ ပူးပေါင်းပါဝင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အာဏာရှင်လက်အောက်မှာ ဝာာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်ညီကိုတွေအနေနဲ့ အာဏာရှင်မျိုးဆက်၊ အာဏာရှင်ခိုင်းဖက် အဖြစ်မခံဘဲ ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။