ဇန်နဝါရီလ (၉)ရက်။
မြိုင်မြို့နယ်ရဲ့ အရှေ့တောင်ဘက်ရှိ ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
“ (၇)ရက်နေ့ကစပြီး ကျောက်ဆောက်ရွာကို ရောက်နေတဲ့ စကစစစ်ကြောင်းနဲ့ ရိက္ခာကားတန်းက အဖွဲ့တွေခွဲပြီး မြိုင်အရှေ့တောင်ပိုင်း ကျေးရွာတွေက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာ” လို့ ဆိုပါတယ်။
ဒီကနေ့ နံနက်ပိုင်းအချိန်က စစ်ကောင်စီစစ်ကြောင်းဟာ မြိုင်မြို့နယ်ရှိ စဘေရွာကနေ ထွက်ခွာလာပြီး ထန်းငယ်တောရွာနဲ့ စီလောင်ရွာကို ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ သူတို့စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ ကျေးရွာတွေက ပြည်သူပိုင်ပစ္စည်းတွေဖြစ်တဲ့ ရွှေ၊ ငွေနဲ့ လက်ဝတ်ရတနာတွေအပြင် တီဗီတွေ စတဲ့ တန်ဖိုးရှိ အသုံးအဆောင်တွေနဲ့ စားနပ်ရိက္ခာတွေကို ခိုးယူခဲ့တာလို့ ပြောဆိုထားပါတယ်။
နောက်ပြီး စစ်ကောင်စီစစ်ကြောင်းဟာ ကျောက်ဆောက်ရွာက နေအိမ်တစ်လုံး၊ ရွာသစ်ရွာက နေအိမ်တစ်လုံးနဲ့ ပိုက်သင်ရွာက နေအိမ် (၂)လုံးအပါအဝင် ရိက္ခာကားတန်စထဲပါတဲ့ (၆)ဘီးကားတစ်စီးတို့ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်ဟာ ဇန်နဝါရီလ (၇)ရက်နေ့ကစပြီး အင်အားရာဂဏန်းခန့်နဲ့ မြိုင်မြို့အရှေ့တောင်ဘက်ကို စစ်ကြောင်းထိုးတာကြောင့် ဒေသခံ (၁၀၀၀၀)ခန့် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။