ဇန်နဝါရီလ (၁၄)ရက်။
ရှမ်းပြည်(တောင်ပိုင်း)ကနေ ရန်ကုန်တိုင်းကို သယ်ဆောင်ရောင်းဝယ်တဲ့ ကျပ်သိန်း(၆၅၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၇)သိန်းကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဇန်နဝါရီလ (၄)ရက်နေ့က တောင်လေးလုံးအရွာအနီး တောင်ကြီးကနေ အောင်ပန်းဘက်ကို မောင်းလာတဲ့ Mark II ကားတစ်စီးကို စစ်ဆေးခဲ့ရာ စိတ်ကြွဆေးပြား (၄)သိန်းကို ဖမ်မိခဲ့တယ်လို့ ဆိုပါတယ်။
နောက်တရက်ဖြစ်တဲ့ ဇန်နဝါရီလ (၅)ရက်မှာ သာစည်မြို့ ကျွဲတပ်စုံရွာအနီးမှာ တောင်ကြီးကနေ ရန်ကုန်ကို မောင်းလာတဲ့ CRV ကားပေါ်ကနေ စိတ်ကြွရူးသွပ်ဆေးပြား (၃)သိန်းကို ထပ်မံဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းမိခဲ့တဲ့ စိတ်ကြွဆေးပြား (၇)သိန်းကို တောင်ကြီးကနေ ရန်ကုန်ကို သယ်ဆောင်ခိုင်းတာဖြစ်ပြီး ကျူးလွန်သူတွေကို PNO ပြည်သူ့စစ်အဖွဲ့နဲ့ပူးပေါင်းပြီး ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ စိတ်ကြွရူးသွပ်ဆေးပြား (၇)သိန်းနဲ့အတူ သယ်ဆောင်ခိုင်းသူအပါအဝင် တာဝန်ခံသယ်ဆောင်သူတွေနဲ့ ရန်ကုန်မှာ ပြန်လည်ရောင်းချမယ့်သူ စုစုပေါင်း (၉)ဦးကို ဖမ်းမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဖမ်းမိခဲ့သူတွေကို အရေးယူထားကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။