ဇန်နဝါရီလ (၁၈)ရက်။
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နယ်ခွဲရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ညအချိန်မတော် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ စကစတပ်က ရွှေသောင်ယံမြို့နယ်ခွဲတကြောက ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ညအချိန်မတော် ရမ်းသန်းပစ်ခတ်တာတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံပြည်သူတွေက ရွှေသောင်ယံရပ်ကွက်တွေပေါ်ကို ခေတ္တတိမ်းရှောင်နေရပါတယ်” လို့ ဆိုပါတယ်။
အဲ့ဒီကျေးရွာတွေမှာ အခုရက်ပိုင်းကစပြီး စစ်တပ်အချင်းချင်း ပြန်ဆုတ်တာတွေကို AA နဲ့ တော်လှန်ရေးတပ်တွေဆိုကာ ပစ်ခတ်တာတွေကြောင့် သပေါ့ကန်၊ အုန်းချောင်းနဲ့ ရွှေသောင်ယံရပ်ကွက်တွေကို ခေတ္တပြောင်းရွှေ့နေထိုင်ကြရတယ်လို့ သိရပါတယ်။
ဂွမြို့နယ်အစပ်ဘက်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အခုနောက်ပိုင်း အမိန့်မရဘဲ မကြာခဏ တပ်ဆုတ်တာ၊ တပ်ပျက်ထွက်ပြေးတာနဲ့ တပ်အချင်းချင်း ဆုတ်ပြေးတာတွေတို့ကြောင့် ဖရိုဖရဲဖြစ်ပြီး လေကြောင်းပစ်ကူတောင်းတာတွေရှိနေတာပါ။
အခုလို စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်တာကြောင့် ဘောမိရွာအထက်ဘက် ချောင်းဖျားရှိ နေအိမ်တွေနဲ့ စစ်တပ်တပ်စွဲတဲ့ နေရာတွေ ပျက်စီးခဲ့ပြီး ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နတခ မဆရ(၄)သို့ အရပ်ဘက်ကားတွေနဲ့ ပို့ဆောင်နေတယ်လို့ သိရပါတယ်။
နောက်ပြီး ဘောမိရွာအောက်ဘက် ရွှေသောင်ယံမြို့ တပ်ရိပ်သာ၊ ဝက်သေ၊ တပင်မော်နဲ့ သပေါ့ကန်ဘက်က တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ဘောမိရွာအထက်ဘက်ကိုကြိုတင်ခြောက်လှန့်တဲ့အနေနဲ့ ပစ်ခတ်တာ၊ ဒရုန်းပျံဝဲတာတွေ ပြုလုပ်နေတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ပုသိမ်-မကျီးဇင်(သာပေါင်းလမ်းပိုင်း)မှာ ဒီကနေ့ ဇန်နဝါရီလ (၁၈)ရင်နေ့အထိ ပြည်သူတွေ ပုံမှန်သွားလာနေကာ ကျားခေါင်း၊ သစ်ဖြူနဲ့ သဲဖြူဘက်က တပ်ပြေးတွေ များနေတာကြောင့် ဝါးကားတွေကို အဓိကစစ်ဆေးနေတယ်လို့ သိရပါတယ်။