ဇန်နဝါရီလ (၁၈)ရက်။
ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက် (၁)နာရီခန့်က ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ အထိုင်ချဂိတ်စခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Fire Dragon PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မနက် (၁)နာရီလောက်ကစပြီး မုက္ခမူရွာက စကစအထိုင်ချ ဂိတ်စခန်းတွေနဲ့ ကြံဘိုကုန်းရွာက ဂိတ်စခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တာမှာ တစ်နာရီကြာ တိုက်ပွဲဖြစ်ပြီးတော့ အပြီးသတ်ချေမှုန်းနိုင်ခဲ့တယ်” လို့ ဆိုပါတယ်။
ညောင်လေးပင်မြို့ မုက္ခမူရွာရှိ စစ်ကောင်စီ အထိုင်ချဂိတ်စခန်းတွေနဲ့ ကြံဘိုကုန်းရွာဂိတ်စခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက (၁)နာရီကြာ တိုက်ခိုက်ခဲ့ပြီးနောက် အပြီးသတ် ရှင်းလင်းချေမှုန်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က ဗိုလ်တစ်ဦးနဲ့ ပျူစောထီး (၂)ဦး သေဆုံးခဲ့ပြီး (၅)ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီစစ်ကောင်စီဂိတ်စခန်းတွေဟာ ညောင်လေးပင်-ရွှေကျင် ကားလမ်းပေါ်ရှိ ပြည်သူတွေ သွားလာနေတာကို ဂိတ်စခန်းချ ငွေတောင်းတာ၊ ငွေညှစ်တာနဲ့ အတင်းအဓမ္မ စစ်မှုထမ်းဖို့ ဖမ်းဆီးနေတာလို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီဂိတ်စခန်းတွေကို (၃၇၀၃)တပ်ရင်း(မီးနဂါး)ရဲဘော်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ တောကျီးကန်း (၇)ကောင်စစ်ကြောင်း၊ တေယ်ဝင်ဒေါင်းစစ်ကြောင်းနဲ့ Spring Warrion Drone Team၊ (၁၈၀၅)ဒရုန်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။