သင်္ကြန်ပွဲတော်ကို မြန်မာ့ယဥ်ကျေးမှုအမွေအနှစ်တခုအဖြစ် အမြတ်တနိုး ကျင်းပခဲ့ကြသလို သင်္ကြန်ပွဲတော်ဟာ လူငယ်များအတွက် အပျော်ဆုံးပွဲတော် ဖြစ်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ သင်္ကြန်ပွဲတော်အတွင်း ယောက်ျားမိန်းမမခွဲခြားဘဲ မိန်းကလေးတွေကလည်း ပွင့်ပွင့်လင်း ယောက်ျားလေးတွေကို အပြန်အလှန်စကြ စကားတွေပြောနိုင်ခွင့် အချစ်ကို ရှာနိုင်ခွင့် ချုပ်တည်းထားသမျှကို ဖွင့်ဟပြောဆိုခွင့်တွေ ရကြသလို ဒီလိုအပြန်အလှန် ပြောကြတာတွေ နောက်ပြောင်ကြတာတွေကိုလည်း ဘယ်သူကမှ အပြစ်မယူတဲ့ အခွင့်အခါ ဖြစ်လို့ပါပဲ။
ရှေးက တရွာနဲ့တရွာသွားလည်ပြီး တဦးနဲ့ တဦး စကားထာတွေဖွဲ့ကြ ပန်းတွေပေးကြ သနပ်ခါးတွေသွေးပြီး လိမ်းပေးကြ သပြေပန်းနဲ့ အိုးထဲကရေကို ဆွတ်ပြီး ပက်ဖြန်းကြနဲ့ ပျော်စရာအတိနဲ့ ယဥ်ကျေးသိမ်မွေ့ခဲ့ကြပါတယ်။
ခေတ်တွေပြောင်းလာတော့ ရေအိုးနဲ့ပက်ဖြန်းတဲ့ခေတ်ကနေ ရေပိုက်လေးတွေနဲ့ပက်တဲ့ခေတ်ကို ရောက်လာပြီး နောက်ပိုင်း ဒီထက်တိုးတက်လာတော့ မီးသတ်ပိုက်ကြီးတွေ၊ ဖိအားပြင်းရေပိုက်တွေနဲ့ ရေပက်ခံထွက်လာတဲ့သူတွေရဲ့ မျက်နှာကိုပိုက်နဲ့ထိုးလို့ မျက်လုံးဒဏ်ရာရသွားသူတွေ ရှိသလို နားကိုထိုးခံရလို့ နားစည်ပေါက်ပြီး ဆေးကုသရသူတွေလည်း ရှိခဲ့ပါတယ်။
နောက်ပိုင်း ပိုတိုးတက်လာတော့ နို့ဆီခွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရေဖြည့်ပြီး ရေပက်ခံကားနဲ့ထွက်လာသူတွေရဲ့ကြောတွေ ခေါင်းတွေကို နာကြင်အောင်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ တဖြန်းဖြန်းမြည်အောင် ခွက်စောင်းခုတ်တာတွေ၊ ရော်ဘာဘူဘောင်းထဲ ရေဖြည့်ပြီး မျက်နှာတည့်တည့် မှန်အောင်ပစ်တာတွေအထိ ခေတ်မီတိုးတက်လာပြီး ယဥ်ကျေးမှု အဆင့်အတန်းတွေ နိမ့်ကျလာခဲ့ပါတယ်။ သင်္ကြန်ဆိုတာ ပျော်စရာထက် တဖက်သားကို ဘယ်လိုနာကျင်အောင် လုပ်ရမလဲဆိုတဲ့ အသွင်ပြောင်းနှိပ်စက်တဲ့ သင်္ကြန်ပွဲတော်ြဖစ်လာခဲ့ပါတယ်။
မဏ္ဍပ်တွေထိုးပြီး ရေကစားသူတွေကို ပိုက်ဆံယူ နောက်ဖက်မှာ မူးယစ်ဆေးတွေ ရောင်းပြီး စီးပွားရှာတာတွေ အခန်းတွေဖွဲ့ထားပြီး နေရာငှားတာတွေ မိန်းကလေးတွေကို သားသမီးချင်း မစာမနာ လိင်အကြမ်းဖက်တာတွေ ဖြစ်လာခဲ့တာကြောင့် မခံနိုင်သူတွေက ပြန်လှန်ထိုးကြ ကြိတ်ကြ သတ်ကြဖြတ်ကြနဲ့ သွေးထွက်သံယိုမှုတွေ နိုင်ငံနေရာအနှံမှာ သင်္ကြန်ပွဲတော်ရောက်တိုင်း ဖြစ်ပေါ် လာခဲ့တာ ဒီနေ့မြန်မာ သင်္ကြန်ပွဲတော်ရဲ့ လက္ခဏာတွေပါ။
မြန်မာနိုင်ငံမှာတင်လားဆိုတော့မဟုတ်ပါဘူး ဒီနှစ်သင်္ကြန် မှာလည်း မြန်မာတွေရောက်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာအချင်းချင်း မိန်းကလေးကိုကျီစယ်လို့လူသေစေတဲ့အထိ ဓားထိုးမှုဖြစ်ခဲ့လို့ တစ်ဦးသေပြီး တရားခံ မြန်မာလေးဦးကို ထိုင်းရဲက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
ဂျပန်မှာလည်း မြန်မာသင်္ကြန်လုပ်မယ်ဆိုရင် ပွဲကြီးကြပ်သူတွေက ဂျပန်ရဲတွေကို ခေါ်ထားတဲ့အထဲ ပွဲထဲမှာ ခိုက်ရန်မဖြစ်ဖို့ ကြိုတင်စီမံရပါတယ်။ စာရေးသူလွန်ခဲ့တဲ့ ၅ နှစ်လောက်က တိုကျိုသင်္ကြန်ကို ရောက်တဲ့အခါ လူငယ်တယောက်ကို ဂျပန်ရဲတွေ စောင့်ကြည့်နေတဲ့တဲ့အထဲက အလစ်မှာ လူငယ် ၂ ယောက်က ခေါင်းကိုရိုက်ခွဲပြီး ထွက်ပြေးသွားတာကို ကိုယ်တိုင်ကြုံခဲ့ဖူးပါတယ်။
သင်္ကြန်ပွဲတော်ကို မြန်မာတနိုင်ငံထဲ ကျင်းပနေတာ မဟုတ်ပါဘူး။ ထိုင်း၊လာအို၊ ကမ္ဘောဒီးယားနဲ့ အိန္ဒိယတို့မှာလည်း ကျင်းပပါတယ်။ အိန္ဒိယမှာ ရေကိုအနီရောင်ဆိုးပြီးပက်ပါတယ်။ ထိုင်းသင်္ကြန်က အရင်က ဒုတိယမြို့တော်ချင်းမိုင်မှာကျင်းပပါတယ် ဘန်ကောက်မှာ မကျင်းပပါဘူး။
ဘာကြောင့် ချင်းမိုင်မြို့မှာပဲ ကျင်းပသလဲဆိုရင် ချင်းမိုင်ဟာ အရင်က မြန်မာပိုင်ဖြစ်ပြီး မြန်မာဘုရင် ဘုရင့်နောင် သိမ်းပိုက်ထားတဲ့အတွက် ချင်းမိုင်မှာ မြန်မာ့အနုပညာတွေ ယဥ်ကျေးမှုတွေ အမြစ်တွယ်နေလို့ ဖြစ်ပါတယ်။ ချင်းမိုင်က ဘုရားတွေဟာ မြန်မာနိုင်ငံကဘုရားတွေလိုပဲ ထီးတင်ထားပါတယ်။ ဘန်ကောက်က ဘုရားတွေမှာ ထီးတင်ထားတာမရှိပါဘူး။
ဒါကြောင့် သင်္ကြန်ပွဲတော် ထိုင်းလိုဆုန်ခရန် ရောက်ပြီဆိုရင် ဧပြီလ ၇-၈-၉ရက်တွေကစပြီး ဘန်ကောက်က ထိုင်းတွေ ရေကစားဖို့ ချင်းမိုင်ကို ကားတွေနဲ့တက်ကြတဲ့အခါ ကားတွေများလွန်းလို့ ကားတန်းကြီးဟာ မိုင်နဲ့ချီပြီး ရှိခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ ထိုင်းမှာသင်္ကြန်ကျတာ ချင်းမိုင်မှာ ပဲရှိတာကြောင့်ပါ မြန်မာတွေများတဲ့မဲဆောက်မှာလည်းလုပ်ကြပါတယ် ဘန်ကောက်မှာ ရေကစားတာ အရင်က မရှိပါဘူး ပျော်ချင်ရင် ချင်းမိုင်ကိုတက်ရပါတယ်။ အခုထိုင်းသင်္ကြန်ဟာ ဘန်ကောက်အထိ ဆင်းသက် လာခဲ့ပြီးဘန်ကောက်ကို ကူးစက်လာခဲ့သလို သင်္ကြန်ပွဲတော်ကို ထိုင်းရိုးရာ ယဥ်ကျေးမှု အမွေအနှစ်အဖြစ် လျှောက်ထား တဲ့အခါ UNESCO က ထိုင်းနိုင်ငံရဲ့ သင်္ကြန်ပွဲတော်ကို လူသားမျိုးနွယ်ရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ သင်္ကြန်ကတော့ ထိုင်းနိုင်ငံထက်နောက်ကျပြီးမှ UNSCO ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။
ထိုင်းရိုးရာနှ စ်သစ်ကူးပွဲတော်ဟာ သန့်စင်ခြင်းရဲ့ သင်္ကေတအဖြစ် ရေပက်ပြီး အညစ်အကြေးများကို ဆေးကြောပြီး ပူပြင်းနွေရာသီမှာ အေးမြစေခြင်းစတဲ့ အယူအဆနဲ့ ကျင်းပကြပါတယ်။ ထိုင်းသင်္ကြန်ပွဲတော်ကို UNESCO က ထိုင်းရိုးရာယဥ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရတုန်းက မြန်မာအများအပြားက မကျေမနပ် ဖြစ်ခဲ့ကြတယ်။
အမှန်တော့ ထိုင်းတို့က လက်ဦးမှု ရယူနိုင်ခြင်းဟာ ခေတ်အဆက်ဆက် မိမိအစိုးရများ ညံ့ဖျင်းခြင်း ကြောင့်သာဖြစ်တယ်။ တိုင်းပြည်ကို တိုးတက်ဖွံ့ဖြိုးအောင် မလုပ်နိုင်ဘဲ မိမိအာဏာတည်မြဲရေးကိုသာ အာရုံစိုက်လုပ်ခဲ့ကြပြီး အာဏာရူးခဲ့ကြတဲ့အတွက် နှစ်ပေါင်း ၆၀ ကျော်ကြာလာတဲ့အခါ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံထက် အဆများစွာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံတွေ လမ်းတံတားတွေ အစစအရာရာ တိုးတက်ဖွံ့ဖြိုးလာတဲ့ အာရှတိုက်ရဲ့ ကျားတကောင် ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံကလည်ပင်းမှာ ငွေဂွင်းတွေအများကြီးတပ်ထားတဲ့ ကယန်း (ပဒေါင်) တိုင်းရင်းသူတွေနဲ့ မြန်မာ့ပုသိမ်ထီးကိုပါ ထိုင်းယဥ်ကျေးမှုအဖြစ် ကမ္ဘာလည့်ခရီးသည်တွေကို ပြသပြီး ဆွဲဆောင်နိုင်ခဲ့တာဟာ ကိုယ်ကညံ့လို့ ဖြစ်ပါတယ်။
ဒီထက်ပြောရမယ်ဆိုရင် မြန်မာလူမျိုးတွေရော အုပ်ချုပ်သူတွေရော ရင်ဘတ်ကျဉ်းမြောင်းတာတွေကြောင့်လည်း ပါပါတယ်။ နိုင်ငံတကာကဧည့်သည်တွေ ထိုင်းနိုင်ငံကိုလာလည်တာနဲ့ မြန်မာနိုင်ငံကို လာလည်တာ အများကြီး ကွာပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားဧည့်သည်ဆိုရင် ဟိုတယ်မှာပဲ တည်းရမယ် သာမန်မိသားစုအိမ်တွေမှာ တည်းလို့မရဘူးဆိုပြီး သတ်မှတ်ထားပါတယ်။ ထိုင်းမှာဆို ကြိုက်တဲ့နေရာမှာ တည်းလို့ရပါတယ်။ လေယာဉ်ကွင်းရောက်တာနဲ့ ငွေလဲတဲ့နေရာကစပြီး ကွာဟချက်တွေကတော့ မြန်မာနိုင်ငံမှာဆိုရင် ဒေါ်လာဆိုရင် အသစ်မှ လိုချင်တယ်။ အဟောင်းဆိုရင် ဈေးတမျိုး အသေးဆိုရင် ဈေးတမျိုး။ ဒါမျိုးက ထိုင်းနိုင်ငံတွေမှာ မရှိပါဘူး။ မြန်မာလူမျိုးတွေက သူတို့သာ ဒေါ်လာအသစ် လိုချင်တာ။ လဲပေးတဲ့မြန်မာငွေဆို အဟောင်းကို ရွေးပေးတယ်။
ဒါကြောင့် ကိုယ်ဘာလို့ညံ့ရသလဲ ဘာကြောင့် ငါတို့တတွေ အိမ်နီးခြင်းနိုင်ငံတွေထက် နိုင်ငံရေး စီးပွားရေး ပညာရေး ယဥ်ကျေးမှုတွေ အစစအရာရာမှာ ဘာကြောင့်နိမ့်ကျ လာရတယ်ဆိုတာကို ဂဃနဏ စဥ်းစားကြည့်သင့်ဖို့ အချိန်ရောက်နေပြီဖြစ်ပါတယ်။
ဘာကြောင့်ငါတို့တတွေရိုင်းစိုင်းလာရသလဲ ဘာကြောင့်ဆဲဆိုနေတာတွေကို အားပေးထောက်ခံနေကြသလဲ အွန်လိုင်းမှာ ခါးအောက်ပိုင်းက မတက်တဲ့စကားတွေပြောဆဲဆိုနေတဲ့သူတွေက ဆယ်လီဖြစ်နေတာ သူတို့တော်လိုလား ငါတို့ကိုယ်တိုင်က ဒီလိုအောက်တန်းကျမှုတွေကို အားပေးနေတဲ့သူတွေ ဖြစ်နေလားလို့ မိမိကိုယ်ကို မေး ကြဖို့လိုပြီ။ ယဥ်ကျေးမှုဆိုတာ မိုက်ရိုင်းပြတာမဟုတ်ဘူးဆိုတဲ့အသိတော့ရှိသင့်ပါတယ်။
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

