မကွေးရှိ စစ်ကောင်စီရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ
ဇန်နဝါရီလ (၁၉)ရက်။
မနေ့က ညနေ (၄)နာရီခွဲခန့်ကစပြီး မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship PDF ရဲ့ ဒီကနေ့မှယ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ စစ်ကောင်စီလေတပ်ရဲ့ အားထားရာဖြစ်တဲ့ ဆိပ်ဖြူမြို့က ကာကွယ်ရေးပစ္စည်းတွေထုတ်တဲ့စက်ရုံ (ကပစ) အမှတ် (၂၁)ထဲကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တာပါ” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းတွေ ထုတ်လုပ်တဲ့စက်ရုံကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၁၀၇မမ ရှော့တိုက်ဒုံး (၈)လုံးနဲ့ ပစ်ခတ်ခဲ့ရာ (၇)လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဆိပ်ဖြူမြို့နယ်ထဲရှိ ကပစ(၂၁)ဟာ စစ်ကောင်စီက နိုင်ငံတဝန်းရှိ ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်တာမှာ အသုံးပြုနေတဲ့ ပေါင်(၂၅၀)၊ ပေါင်(၅၀၀) ဗုံးသီးတွေနဲ့ Cluster ဗုံးသီးတွေအပါအဝင် တိုက်လေယာဉ်သုံး လူသတ်ဗုံးသီး အမျိုးမျိုးကို ထုတ်လုပ်ပေးနေတဲ့ စက်ရုံလို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် Brave Warriors for Myanmar(BWM)ဦးဆောင်ပြီး မဟာမိတ်အဖွဲ့တွေ ပူးပေါင်းကာ ကပစ(၂၁)ကို စစ်ကောင်စီလေတပ်နဲ့ ဆက်စပ်ပြီး အရေးပါဆုံး စစ်ရေးပစ်မှတ်အနေနဲ့ ထိရောက်စွာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ကပစ(၂၁) ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီဘက်က ထိခိုက်ပျက်စီးတာတွေရှိခဲ့ပြီး အရာရှိ (၂)ဦးအပါအဝင် (၉)ဦးသေဆုံးကာ (၈)ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပေမယ့် စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်ထားတာမရှိပါဘူး။
အဲ့ဒီစစ်ဆင်ရေးကို BWM အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ NMD-PDF အပါအဝင် မဟာမိတ်တွေဖြစ်တဲ့ Shadow Mandalay၊ Eagle Brigade(ANyar Eagle)နဲ့ ဒေသခံတော်လှန်ရေးအင်အားစုတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။