ဇန်နဝါရီလ (၂၆)ရက်။
စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်နယ် ရှေ့တန်းစစ်ဆင်ရေးတွေဆီ ပို့ဆောင်ခံရတဲ့ စစ်ကောင်စီတပ်သား (၇)ဦး ထွက်ပြေးခိုလှုံလာတယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဇန်နဝါရီလ (၁၉)ရက်နေ့က လွိုင်ကော်မြို့ပြင်ရှိ ကင်းစခန်းတစ်ခုကနေ လက်နက်မဲ့ထွက်ပြေးလာတဲ့ ခမရ(၃၄၀)တပ်ရင်းက တပ်သား (၃)ဦးဟာ KNDF ထံ ရောက်ရှိခိုလှုံလာပြီး ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ (၂၃)ရက်နေ့ကလဲ လွိုင်လင်လေးမြို့အပြင်ရှိ ထီးစဲခါးကင်းစခန်းတစ်ခုကနေ ထွက်ပြေးလာတဲ့ ခလရ(၂၄၇)တပ်က စစ်ကောင်စီတပ်သား (၄)ဦး MA-3 (၃)လက်၊ MA-1 (၁)လက်နဲ့ အတူ ခိုလှုံလာတယ်လို့ ဖော်ပြထားပါတယ်။
KNDF ထံ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်မှုထမ်းဖို့ ဆန္ဒလုံးဝမရှိကြဘဲ စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံရတာနဲ့ အတင်းအဓမ္မ စုဆောင်းခံရသူတွေဖြစ်ကာ ရှေ့တန်းစစ်ဆင်ရေးထဲ ထွက်ပြေးလာခဲ့တာလို့ ရေးသားထားပါတယ်။
စစ်ကောင်စီတပ်သားတွေအနေနဲ့ ကျန်ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေ စစ်အာဏာရှင်လူတစ်စုရဲ့ အကျိုးစီးပွားအတွက် ရပ်တည်နေမယ့်အစား အခုလို စစ်ကောင်စီတပ်သားအဖြစ်ကနေ အချိန်မီစွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ တိုက်တွန်းထားပါတယ်။
တဖက်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူဦးရေ (၅၂)သန်းထဲ အများလုပ်ဖို့ခက်ခဲတဲ့ စစ်သားဘဝကို ဂုဏ်ယူကြဖို့ အခုရက်ပိုင်းထဲ မကြာခဏပြောဆိုနေပေမယ့် အောက်ခြေမှာတော့ တော်လှန်ရေးတပ်တွေဆီ ထွက်ပြေးခိုလှုံတာတွေ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။