ဇန်နဝါရီလ (၂၇)ရက်။
ဒီကနေ့ နေ့လယ် (၂)နာရီ (၁၈)မိနစ်အချိန်က ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ကျောက်မဲမြို့ ညဈေးတန်းနဲ့ ခရိုင်ရုံးပေါ်ကို ဗုံးထပ်ကြဲသွားတာ။ အရပ်သားထိခိုက်သေဆုံးတာနဲ့ နေအိမ်ပျက်စီးတာတွေ ရှိခဲ့တယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ကျောက်မဲမြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ညဈေးတန်းနဲ့ ခရိုင်ရုံးအပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး (၃)ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ် (၅)လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဇန်နဝါရီလ (၂၅)ရက်နေ့ကလဲ စစ်ကောင်စီရဲ့ ကျောက်မဲမြို့ ပြည့်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် CDM ကျန်းမာရေးဝန်ထမ်းနဲ့ အရပ်သား (၂၀)ဦးကျော် ထိခိုက်သေဆုံးခဲ့ရပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဖို့ TNLA က အသိပေးထားပါတယ်။
အခုရက်ပိုင်းထဲ TNLA ထန်းချုပ်တဲ့ နောင်ချိုမြို့နဲ့ ကျောက်မဲမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ထားတာမရှိဘူးလို့ သိရပါတယ်။