ဇန်နဝါရီလ (၃၀)ရက်။
မြန်မာအတွက် ထောက်ပံ့ကူညီတာတွေက အမေရိကန်အနေနဲ့ လုပ်သင့်တဲ့ ဦးစားပေးဆိုတာကို ဆက်သွယ်ပြောဆိုသွားမယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားချက်အရ သိရပါတယ်။
“ မြန်မာပြည်အရေးနဲ့ပတ်သက်လို့ ထောက်ပံ့တာတွေက အမေရိကန်ပြည်ထောင်စုအတွက် လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံခြားရေး Priority ဖြစ်တယ်ဆိုတာကို ဆက်သွယ်ပြောကြားသွားဖို့ရှိပါတယ်” လို့ ဆိုပါတယ်။
အခုလ (၂၀)ရက်နေ့ သမ္မတကျမ်းသစ္စာ ကျိန်ဆိုတဲ့အချိန်ကနေစပြီး Executive order တွေ တစ်ခုပြီးတစ်ခုထွက်လာကာ မြန်မာနိုင်ငံသာမက အိမ်နီးချင်းနိုင်ငံတွေနဲ့ ဥရောပသမဂ္ဂနိုင်ငံတွေပါ ရိုက်ခတ်တာတွေ ရှိလာတယ်လို့ သိရပါတယ်။
ဒီလိုအခြေအနေမျိုးမှာ အမေရိကန်အနေနဲ့ NUG ကို တိုက်ရိုက်ကူညီထောက်ပံ့တာမျိုး မရှိတဲ့အတွက် အပြောင်းအလဲတွေဟာ တော်လှန်ရေးအပေါ် သက်ရောက်တယမရှိဘူးလို့ NUG နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးက ဆိုပါတယ်။
အမေရိကန်ရဲ့ ထောက်ပံ့ကူညီတာတွေ ဆိုင်းငံ့လိုက်တာကြောင့် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ စစ်ဘေးရှောင်စခန်းက ဒုက္ခသည်တွေဟာ ကျန်းမာရေးစောင့်ရှောက်တာနဲ့ ပညာသင်ကြားခွင့်တွေ အခက်အခဲနဲ့ စတင်ကြုံလာပြီလို့ သိရပါတယ်။
အခုနှစ်ထဲ NUG အနေနဲ့ ဒေသထဲ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပိုမိုထိတွေ့ဆက်ဆံတာတွေ ပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမြဲအသင့်ရှိတယ်လို့ သူက ထည့်သွင်းပြောဆိုထားပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ပြည်ထောင်စုဝန်ကြီး ဒေါဇင်မာအောင်နဲ့ ဒုဝန်ကြီး ဦးမိုးဇော်ဦးအပါအဝင် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။