ဧပြီလ (၃)ရက်။
ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။
“ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ ဒေသခံတွေ ဆန္ဒပြကြတယ်။ ဒီနေ့လဲ ပခုက္ကူခရိုင်တနေရာမှာ လမ်းပေါ်ထွက် ဆန္ဒပြနေကြတယ်” လို့ ဒေသခံတဦးက ဆိုပါတယ်။
အခုလို NUG ရဲ့ ညွှန်ကြားချက်နဲ့ ရေနံမှော်ဒေသကို အင်အားသုံးဝင်ရောက်လာတာကြောင့် ဒေသခံတွေဟာ မိတ်ဖက်ပဋိပက္ခမဖြစ်စေဖို့ (၂)ရက်ဆက်တိုက် ဆန္ဒထုတ်ဖော်နေကြတာလို့ သိရပါတယ်။
ဆန္ဒပြရာမှာ “ မကွေးဖက်ဒရယ်အစိုးရ တို့အစိုးရ” ၊ စစ်အနိုင်တိုက်ရေး(ဒို့အရေး)၊ မိက်ဖက်ပဋိပက္ခ အလိုမရှိ၊ တော်လှန်ရေးသမားအချင်းချင်းညီညွတ်ရေး တို့အရေး၊ ငါတို့ဒေသ ငါတို့ပိုင်တယ်” စတဲ့ ဆောင်ပုဒ်တွေ ကိုင်စွဲပြီး ဆန္ဒပြခဲ့ကြတာပါ။
နောက်ပြီး ဒေသခံတွေဟာ ခုလို တော်လှန်ရေးသမားအချင်းချင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို လက်မခံတာအပါအဝင် ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့နဲ့ ညီညွတ်ကြဖို့ တိုက်တွန်းထားကြပါတယ်။
အခုလို ဒေသခံတွေ ကန့်ကွက်ဆန္ဒပြတာတွေ ပြုလုပ်နေပေမယ့် ရေနံမှော်ဒေသထဲ NUG စေလွှတ်ထားတဲ့ တပ်ဖွဲ့တွေ ဆက်လက်ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
မနေ့ကလဲ မြိုင်နဲ့ ပေါက်ဒေသရှိ သဘာဝသယံဇာတကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ ဆွေးနွေးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။










