မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ
ဧပြီလ (၂)ရက်။
ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပြည်ထောင်စုလွှတ်တော်ရဲ့ သမ္မတရွေးချယ်ပွဲကို လွှတ်တော်ကိုယ်စားလှယ် (၅၈၆)ဦးထဲက (၅၈၄)ဦး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို မဲခွဲတဲ့အခါ မင်းအောင်လှိုင်ဟာ (၄၂၉)မဲနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ညိုစောက (၁၂၆)မဲနဲ့ ဒုသမ္မတ(၁)၊ နန်းနီနီအေးက (၂၉)မဲနဲ့ ဒုသမ္မတ(၂) ဖြစ်လာတာပါ။
“ စစ်တပ် သမ္မတရွေးတဲ့ပွဲက ပြည်သူတွေအတွက် စိတ်ဝင်စားစရာမရှိဘူး။ မင်းအောင်လှိုင်က သူစီမံတဲ့အတိုင်း သမ္မတလုပ်ဖို့ စီစဉ်ပြီးသား။ သူသမ္မတလုပ်လဲ ပြည်သူတွေရဲ့ လူမှုဘဝတွေက ဆိုးရွားနေတုန်းပဲ။ အခုက သူမက်နေတဲ့ သမ္မတအိပ်မက် ပြည့်သွားတာ” လို့ ရန်ကုန်မြို့နေသူတဦးက ပြောပါတယ်။
မင်းအောင်လှိုင်ဟာ သမ္မတလုပ်ဖို့ မကြာသေးခင်အချိန်က တပ်ချုပ်ရာထူးကို သူ့ရဲ့လူယုံဖြစ်တဲ့ ရဲဝင်းဦးကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်။
အခုအခါ မင်းအောင်လှိုင်ဟာ သမ္မတဖြစ်လာတာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ရွေးချယ်ခံရတဲ့ (၄)ဦးမြောက် သမ္မတဖြစ်တယ်လို့ သိရပါတယ်။








