ဇန်နဝါရီလ (၅)ရက်။
ဒီဇင်ဘာလ (၂၈)ရက်နေ့က လွတ်မြောက်နယ်မြေ တနေရာမှာ NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ားချက်အရ သိရပါတယ်။
NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ဟာ လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း(Division of Competency)နဲ့ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီတွေ့ဆုံပွဲမှာ နှစ်ဖက်တာဝန်ရှိသူတွေက လုပ်ပိုင်ခွင့်အာဏာ ခွဲဝေတာနဲ့ပတ်သက်ပြီး ဆွေးနွေးကြရာ သဘောတူညီချက်အချို့ ရရှိခဲ့တယ်လို့ သိရပြီး အသေးစိတ်ကိုတော့ ထုတ်ပြန်ထားတာမရှိပါဘူး။
နောက်ပြီး အစည်းအဝေးကနေ ရရှိတဲ့ သဘောတူညီချက်တွေကို NUG ကတ်ဘိနက်အဖွဲ့ကို တင်ပြပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မန္တလေးဒေသ လွတ်မြောက်နယ်မြေထဲမှာ အခွန်အကောက်မရသေးတဲ့ သယံဇာတလုပ်ငန်းတွေကနေ ရသင့်ရထိုက်တဲ့ အခွန်တွေ မှန်မှန်ကန်ကန် ရရှိဖို့နဲ့ တော်လှန်ရေး အမြန်အောင်မြင်စေဖို့ ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်တွေကို တိုင်ပင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီအစည်းအဝေးကို NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဒုဝန်ကြီး ဦးကျော်နီနဲ့ ရုံးအဖွဲ့ဝင်တွေအပြင် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီဘက်က ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌအပါအဝင် ကောင်စီဝင်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။









