မတ်လ (၆)ရက်။
မတ်လ (၄)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က တနင်္သာရီမြို့ ခြောက်မိုင်ရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ခြောက်မိုင်ရွာက ဘုန်းကြီးကျောင်းမှာ နေရယူထားတဲ့ စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်တာ။ အဲ့ဒီမှာ နှစ်ဖက် ထိခိုက်သေဆုံးတာတွေရှိပါတယ်” လို့ ဆိုပါတယ်။
ဘုန်းကြီးကျောင်းမှာ နေရာယူထားတဲ့ စစ်တပ်ကို မြိတ်ခရိုင်တပ်ရင်း(၂) တပ်ခွဲ(၁)နဲ့ မြိတ်ခရိုင်တပ်ရင်း(၃)တို့ တိုက်ခိုက်ခဲ့ကာ စစ်တပ်ဘက်က အရာရှိအပါအဝင် (၄)ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် (၃)ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပြီး စစ်တပ်ဆီကနေ လက်နက် (၂)လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် မနေ့က ကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်နေချိန် စစ်တပ်ဘက်က ဒရုန်းနဲ့ ဆက်လက်တိုက်ခိုက်ခဲ့တယ်လို့လဲ သိရပါတယ်။








