ဖေဖော်ဝါရီလ (၇)ရက်။
ရှမ်းပြည်နယ်ထဲရှိ လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးစကားဝိုင်း လာကြဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ရှမ်းပြည်နယ်နေ့ သဝဏ်လွှာမှာ ဖိတ်ခေါ်ခဲ့ပြန်တယ်လို့ သိရပါတယ်။
အခုအခါ နိုင်ငံ အေးချမ်းဖို့နဲ့ လုံခြုံဖို့အတွက် သက်ဆိုင်ရာအဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး တည်ငြိမ်အေးချမ်းတဲ့ မူလအခြေအနေရောက်အောင် ပြန်လည်ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်စွန့်ကာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲစကားဝိုင်းကို လာကြဖို့နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းပေးကြဖို့ဆိုပြီး သူက ဖိတ်ခေါ်ထားပါတယ်။
နောက်ပြီး ပြည်နယ်ထဲက မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးတာတွေ၊ အွန်လိုင်းလောင်းကစားလိမ်လည်မှုတွေနဲ့ တရားမဝင်ကုန်သွယ်တာတွေ ပပျောက်ဖို့ ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းထားပါသေးတယ်။
စစ်ခေါင်းဆောင် ပေးပို့တဲ့ သဝဏ်လွှာထဲ မဲမသမာတာကြောင့် နိုင်ငံ့အာဏာကို မလွှဲမရှောင်သာ ထိန်းသိမ်းခဲ့ရတယ်ဆိုပြီး ပြောဆိုထားသလို ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ အစိုးရကို အာဏာလွှဲပြောင်းဖို့ စီစဉ်နေတယ်လို့ ပြောဆိုထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ငြိမ်းချမ်းရေးစကားဝိုင်းဆိုကာ ဖိတ်ခေါ်နေပေမယ့် တဖက်မှာတော့ ရှမ်းပြည်အပါအဝင် နိုင်ငံတဝန်းကို လေကြောင်းတိုက်ခိုက်တာတွေ အပြင်းအထန် ပြုလုပ်နေပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အစိုးရအဖွဲ့ဟာ ဟန်ပြအဖွဲ့သားဖြစ်ပြီး နိုင်ငံတကာအနေနဲ့ အသိအမှတ်မပြုဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။








