ဧပြီလ (၇)ရက်။
မနေ့က ကျွန်းလှမြို့ရှိ သဖန်းဆိပ်ဆည်နဲ့ အနီးဝန်းကျင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သဖန်းဆိပ်ဆည်နဲ့ ရေအားလျှပ်စစ်စက်ရုံကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထိန်းချုပ်နိုင်ခဲ့ကာ စစ်တပ်က စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီနောက် (၄)လအကြာမှာ သဖန်းဆိပ်ရေလှောင်တမံနဲ့ ရေအားလျှပ်စစ်စက်ရုံအပါအဝင် မီတာ (၅)ထောင်ခန့်အကွာရှိ အင်းတိုင်ရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်တပ်ဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ ပြောဆိုထားတာမရှိဘဲ တော်လှန်ရေးတပ်တွေဆီက လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး တော်လှန်ရေးတပ်တွေကြောင့် သဖန်းဆိပ်ရေအားလျှပ်စစ်စက်ရုံရှိ စက်ပစ္စည်းကိရိယာတွေ ပျက်စီးခဲ့သလို အင်းတိုင်ရွာ မီးရှို့ဖျက်ဆီးခံရတယ်ဆိုပြီး စစ်တပ်က စွပ်စွဲထားပါသေးတယ်။
သဖန်းဆိပ်ဆည်ကို ပြန်ရဖို့ စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေရှိခဲ့ပြီး ရွှေမျှောဖောင်လုပ်ကွက်တွေ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ လုပ်သားအများအပြား ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။








