Grace ရေးသားသည်။
ကျမငယ်ငယ်တုန်းက ၁၀ နှစ်ကနေ ၁၄ နှစ်လောက်မှာ ကျမအဖိုးဆီကို သွားတိုင်း ဒလကနေ ကော့မှူးကို ကားနဲ့သွားရင်း လမ်းဘေးကို ကြည့်လိုက်တိုင်း အမြဲတမ်း စဉ်းစားမိတဲ့အချက်တခုရှိတယ်။ အဲ့ဒီလမ်းဘေးတလျှောက်မှာ လူတွေက တဲအိမ်လေးတွေနဲ့နေကြရတယ်။ အိမ်လို့သာပြောတာ ဝါးနံရံ၊ ဝါးကြမ်းပြင်နဲ့ ဓနိမိုးမိုးထားတာလောက်နဲ့ ဖြစ်သလို နေကြတာကို သတိထားမိတယ်။ အသက်ငယ်ငယ်နဲ့ လူတွေ ဒီလို ဆင်းဆင်းရဲရဲ နေကြရတာ ဘာကြောင့်လဲ ဆိုတာကို မေးခွန်းထုတ်ခဲ့မိတယ်။
ဆင်းရဲမွဲတေမှု
အရွယ်ရောက်လာတော့ ၂၀ ကျော်အရွယ်မှာပဲ နိုင်ငံရပ်ခြားကို အပြီးထွက်ဖို့ ဖြစ်လာတယ်။ ပထမဦးဆုံး ဘန်ကောက်ကို ရောက်တယ်။ ဘန်ကောက်နဲ့ ရန်ကုန်ကို နှိုင်းယှဉ်ကြည့်တဲ့အခါ ရန်ကုန်က စုတ်ပြတ်သတ်နေပြီး ဘန်ကောက်က မီးတွေ ထိန်လင်းနေသလို လူတွေကို ကြည့်လိုက်ရင်လည်း ပျော်ရွှင်နေကြတာ၊ အဝတ်အစားတွေ သစ်လွင်နေတာ၊ ကားတွေကလည်း သစ်လွင်နေတာကို သတိထားလိုက်မိတယ်။ ရန်ကုန်မှာနေတုန်းက စာမေးပွဲ ဖြေနေတုန်းက မီးပျက်လို့ စိတ်ပျက်လက်ပျက် ဖြစ်ရတာတွေကို အမှတ်ရမိတယ်။ ဘန်ကောက်မှာ ဒီလိုတွေ မကြုံရတော့ဘူး။ အဲ့ဒီအချိန်ကလည်း မြန်မာနိုင်ငံက ဒီလောက်တောင် ဆင်းရဲရတာ ဘာကြောင့်လဲလို့ တွေးမိခဲ့တယ်။
ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံ
ဘန်ကောက်မှာ ၄ နှစ်လောက်နေပြီး ဂျပန်နိုင်ငံကို ရွှေ့ပြောင်းဖို့ ဖြစ်လာတယ်။ ဂျပန်ရောက်တော့ ဘန်ကောက်နဲ့ နှိုင်းယှဉ်ရင် ဂျပန်က အရမ်းကို သားနားတောက်ပြောင်နေတာကို သတိထားမိတယ်။ လူတွေကလည်း အရမ်းယဉ်ကျေးပြီး ကားဟွန်းသံ မကြားရတာ၊ လမ်းဘေးမှာ အမှိုက်မရှိတာ၊ အိမ်သာတွေ အရမ်းသန့်ရှင်းတာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ အရမ်းများတာ ကျမတို့နိုင်ငံနဲ့ ထိုင်းနိုင်ငံမှာ မတွေ့ရတဲ့ သိပ္ပံပညာရှင်တွေ နိုဘယ်ဆုပညာရှင်တွေ ကမ္ဘာနဲ့ရင်ဘောင် တန်းနိုင်တဲ့ တီထွင်နိုင်စွမ်းရှိသူတွေ၊ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲတွေမှာ ရွှေ၊ ငွေ၊ ကြေးဆုတွေ ဆွတ်ယူအောင်ပွဲခံနိုင်တဲ့ အားကစား ထူးချွန်သူတွေ၊ ထွန်းကားတာကို သတိပြုမိတယ်။ လူတွေရဲ့ ဝတ်စားဆင်ယဉ်မှုကလည်း အရမ်းကို စတိုင်ကျတာ သတိပြုမိတယ်။ ဝတ်စားပုံခေတ်မီသလို ရိုးရာဝတ်စုံတွေ၊ ယဥ်ကျေးမှုတွေကိုလဲ ထိန်းသိမ်းတန်ဖိုးထားကြတာတွေ့ရတယ်။ ပြီးခဲ့တဲ့လက ဂျပန်ကို လာလည်တဲ့ အမေရိကန်တယောက်က ပြောတာကို သတိရမိတယ်။ ဂျပန်တွေ အဝတ်အစားဝတ်တာ အရမ်းကို စတိုင်ကျလွန်းတယ်။ ဂျပန်တွေ ကိုင်တဲ့ပစ္စည်းတွေကလည်း အရမ်းကောင်းပြီး တရုတ်တွေနဲ့ ဂျပန်လူမျိုးကို ချက်ချင်းခွဲခြားနိုင်တယ်လို့ ပြောသွားတယ်။
ကံကောင်းထောက်မစွာဘဲ ဂျပန်မှာ တကယ်ကို စိတ်ကောင်းစေတနာကြီးတဲ့ သမီးအရင်းလို ပြုစုစောင့်ရှောက်ပေးတဲ့ ဂျပန်လူမျိုး မိဘနှစ်ဦးနဲ့ နဲ့ မောင်နှမ ၂ ယောက်နဲ့ ကျမ တွေ့ဆုံခဲ့တယ်။ ကျမတို့ ရန်ကုန်အိမ်မှာ ကျမရဲ့ ညီမအရင်းနဲ့ မောင်လေးအရင်း နှစ်ယောက်ရဲ့ နေ့စဉ်နဲ့အမျှ ရန်ဖြစ်သံတွေ ကြားခဲ့ရပြီး စိတ်ညစ်ခဲ့ရတဲ့ ရန်ကုန်အိမ်နဲ့ ဂျပန်မိဘနှစ်ဦး အိမ်ကိုနှိုင်းယှဉ်ကြည့်ရင် ဂျပန်မောင်နှမ နှစ်ဦး တစ်ယောက်နဲ့ တယောက်အရမ်းချစ်ကြတယ်။ သူတို့ရဲ့ ပြောဆိုတဲ့ဟန်ပန်၊ ယဉ်ကျေးတဲ့အသုံးနှုန်း အမြဲတမ်း ပြုံးပျော်နေတဲ့ဝန်းကျင်မှာ တကယ်ကို ငြိမ်းချမ်းတဲ့ စိတ်ခံစားချက်ကို ရခဲ့တယ်။ အဲ့ဒီအချိန်မှာလည်း ဘာကြောင့် ကျမရဲ့ မောင်လေးနဲ့ ညီမလေးနှစ်ယောက် ဒီလို ချစ်ချစ်ခင်ခင် နေကြရင် သိပ်ကိုကြည်နူးမိမှာပဲလို့ တွေးမိတယ်။
ကျမ သိချင်တာတွေကို ဒေါက်တာ ဒေးဗစ် ဟော့ကင်းစ် (Dr. David R. Hawkins, M.D., Ph.D. (1927-2012)) ၏ Power vs Force စာအုပ်ကို ဖတ်လိုက်ရတဲ့အချိန်မှာတော့ အားလုံးဟာ ရှင်းလင်းသွားခဲ့တယ်။
နိုင်ငံတကာမှာ မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံအဖြစ် ရှုမြင်နေကြပြီး အိမ်နီးချင်းထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်ကြည့်ရင်လည်း အလွန်နိမ့်ကျနေတယ်လို့ ရှုမြင်နေကြပါတယ်။ ဒီလောက် ရေမြေနီးစပ်တဲ့ ထိုင်းနိုင်ငံနဲ့ ဘာကြောင့် ဒီလောက်ကွာခြား နေရတာလည်း၊ တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်လည်း အလွန့်အလွန် နိမ့်ကျနေရလဲဆိုတာကို စာရေးဆရာ ဒေါက်တာ ဒေးဗစ် ဟော့ကင်းစ်ရဲ့ Power vs Force ကို အသုံးပြုပြီး သုံးသပ်ကြည့်လိုက်ရင် ဘာကြောင့် ဒီလိုဖြစ်ရတယ် ဆိုတာကို ထင်ရှားစွာသိမြင်လာမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဒေါက်တာ ဒေးဗစ် ဟော့ကင်းစ်ကို အောက်ပါအတိုင်း မိတ်ဆက်ပေးလိုပါတယ်။
ဒေါက်တာ ဒေးဗစ် အာရ် ဟော့ကင်းစ် (David R. Hawkins, M.D., Ph.D.၊ ၁၉၂၇-၂၀၁၂)
ဒေါက်တာ ဒေးဗစ် အာရ် ဟော့ကင်းစ်ဟာ ဝိညာဉ်ရေးရာသုတေသနအဖွဲ့ (The Institute for Spiritual Research, Inc.) ရဲ့ ညွှန်ကြားရေးမှူးဖြစ်ပြီး၊ Devotional Nonduality လမ်းစဉ်ကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။ Devotional Nonduality ဆိုတာ “ အမြင့်မြတ်ဆုံးသော အမှန်တရားကို အစွဲအလမ်းကင်းစွာ အကြွင်းမဲ့ ချစ်ခင်ကြည်ညိုရင်း မိမိရဲ့ ‘အတ္တ’ (Ego) ကို ဖျောက်ပစ်သည့် လမ်းစဉ်” ဖြစ်ပါတယ်။ ဒေါက်တာဟော့ကင်းစ်ဟာ စိတ်သိစိတ် (Consciousness) နယ်ပယ်တွင် ရှေ့ဆောင်သုတေသန ပညာရှင်တစ်ဦးအဖြစ် ကျော်ကြားရုံသာမက စာရေးဆရာ၊ ဟောပြောသူ၊ လက်တွေ့ ကုသရေးပညာရှင်၊ ဆရာဝန်နဲ့ သိပ္ပံပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။
ဒေါက်တာဟော့ကင်းစ်ဟာ ကက်သလစ်နဲ့ ပရိုတက်စတင့် ခရစ်ယာန်ဘုရားကျောင်းတွေအပြင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေမှာလည်း အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် အဓိက ရုပ်သံလိုင်းတွေနဲ့ ရေဒီယိုအစီအစဉ်တွေမှာ ပါဝင်ခဲ့ပြီး ဝက်စ်မင်စတာ အက်ဘေး (Westminster Abbey)၊ အောက်စဖို့ဒ် ဖိုရမ် (Oxford Forum)၊ နော်တာဒိန်း တက္ကသိုလ် (University of Notre Dame) နဲ့ ဟားဗတ်တက္ကသိုလ် (Harvard University) တွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ဟောပြောပို့ချခဲ့ပါတယ်။ ဒေါက်တာဟော့ကင်းစ်ဟာ ၂၀၁၂ ခုနှစ် ကွယ်လွန်ချိန်အထိ လူသားမျိုးနွယ်ရဲ့ စိတ်ဓာတ်မြင့်တင်ရေးအတွက် တစ်ဘဝလုံး မြှုပ်နှံလုပ်ဆောင်သွားခဲ့သူ ဖြစ်ပါတယ်။
အဲ့ဒီအပြင် ဒေါက်တာဟော့ကင်းစ်ဟာ Kinesiology (ကင်နက်စီအိုလိုဂျီ) ကို တီတွင်ခဲ့သူလည်း ဖြစ်ပါတယ်။ အခုအချိန်ထိ အားကစားနယ်ပယ်မှာ Kinesiology (ကင်နက်စီအိုလိုဂျီ) အသုံးပြုနေဆဲဖြစ်ပါတယ်။
ဒေါက်တာဟော့ကင်းစ်ရဲ့ Kinesiology (ကင်နက်စီအိုလိုဂျီ) ဆိုတာ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေရဲ့ တုံ့ပြန်မှုကို လေ့လာတဲ့ ပညာရပ် ဖြစ်ပါတယ်။ Power vs Force စာအုပ်မှာ အသိစိတ်အဆင့်အတန်းများ (Levels of Consciousness) ကို တိုင်းတာဖို့ အတွက် Kinesiology (ကင်နက်စီအိုလိုဂျီ) ကို အသုံးပြုထားပါတယ်။
အဓိက လုပ်ဆောင်ပုံ
လူသားတို့ရဲ့ ခန္ဓာကိုယ်ဟာ သူတို့ရဲ့ အသိစိတ်အဆင့်နဲ့ ကိုက်ညီတဲ့ စွမ်းအင်စက်ကွင်း (Attractor Field) တွေအပေါ် မှာ မူတည်ပြီး တုံ့ပြန်မှုတွေ ကွဲပြားတယ်ဆိုတဲ့အချက်ပေါ်မှာ အခြေခံထားပါတယ်။
ဒေါက်တာဟော့ကင်းစ်က လူသားရဲ့ အသိစိတ်အဆင့်အတန်း (Map of Consciousness) ကို အဆင့် ၂၀ ကနေ အဆင့် ၇၀၀-၁၀၀၀ အထိ သတ်မှတ်ထားပါတယ်။ အဲ့ဒီအဆင့်တွေကို ပူးတွဲပါ ဇယားကနေ လေ့လာနိုင်ပါတယ်။
ဒီနေရာမှာ ပထမဦးဆုံး ဒေါက်တာဟော့ကင်းစ်ရဲ့ Force နဲ့ Power အကြောင်းကို ရှင်းပြလိုပါတယ်။ Force ဟာ အတင်းအဓမ္မ စေခိုင်းအား ဖြစ်ပြီး Power ကတော့ စစ်မှန်သော စွမ်းပကား ဖြစ်တယ်လို့ ဆိုထားပါတယ်။ Force ဟာ ဘယ်တော့မှ မပြီးပြည့်စုံဘဲ Power ကတော့ ပြီးပြည့်စုံတဲ့စွမ်းအားဖြစ်တယ်လို့ ဆိုထားပါတယ်။
Force (အဓမ္မအား သို့မဟုတ် အတင်းအဓမ္မစေခိုင်းအား)
ဒေါက်တာဟော့ကင်းစ်ရဲ့ အယူအဆအရ Force ဟာ နိမ့်ကျတဲ့ စိတ်စွမ်းအင် (Low vibration) အဖြစ် ဖော်ပြပြီး ဒီအားဟာ ရေရှည်မခံဘဲ ပတ်ဝန်းကျင်ကို ထိခိုက်စေတတ်တယ်လို့ ဆိုပါတယ်။
Force (အတင်းအဓမ္မစေခိုင်းအား) ရဲ့ သဘောသဘာဝ
တစ်ဖက်လူကို အနိုင်ယူဖို့ ကြိုးစားခြင်း၊ အကြောက်တရားနဲ့ စီမံခြင်း၊ စီမံအုပ်ချုပ်ခြင်းနဲ့ အတ္တ (Ego) တို့ကို အခြေခံတယ်လို့ ဆိုပါတယ်။
Force (အတင်းအဓမ္မစေခိုင်းအား) ရဲ့ စိတ်ခံစားချက်ကတော့ အပြစ်ရှိစိတ် (Guilt)၊ ကြောက်ရွံ့ခြင်း (Fear)၊ ဒေါသထွက်ခြင်း (Anger) နဲ့ မာနထောင်လွှားခြင်း (Pride) တို့ဟာ Force (အတင်းအဓမ္မစေခိုင်းအား) ရဲ့ အောက်မှာ ရှိပါတယ်။
ဒီလို စိတ်အဆင့်ရှိတဲ့သူတွေအတွက် ရလဒ်ကတော့ စွမ်းအင်ကို ကုန်ခမ်းစေပြီး (Life-draining)၊ ရေရှည်မှာ ကျရှုံးမှုကိုသာ ဖြစ်စေပါတယ်။
ဒေါက်တာ ဒေါက်တာဟော့ကင်းစ်ရဲ့ သုတေသနအရ စိတ်အဆင့် ၂၀၀ ကနေစတင်ပြီး Force ကနေ Power ကို ပြောင်းသွားတယ်လို့ ဆိုပါတယ်။
Power (စစ်မှန်တဲ့ စွမ်းပကား)
စစ်မှန်တဲ့ စွမ်းပကား ဆိုတာဟာ မြင့်မြတ်တဲ့ စိတ်စွမ်းအင် (High vibration) ဖြစ်ပါတယ်။ Power ဟာ ဘာကိုမျှ တိုက်ခိုက်ရန် မလိုဘဲ အလိုလို ပြည့်စုံနေတဲ့ သဘောသဘာဝရှိတယ်လို့ ဆိုပါတယ်။
Power (စစ်မှန်သော စွမ်းပကား) ရဲ့ သဘောသဘာဝဟာ အမှန်တရား (Truth)၊ မေတ္တာတရား (Love) နဲ့ သနားကြင်နာခြင်း (Compassion) တို့အပေါ် မှာ အခြေခံထားတယ်လို့ ဆိုပါတယ်။ Power (စစ်မှန်တဲ့ စွမ်းပကား) ဟာ သူတစ်ပါးကို ဖိနှိပ်ရန် မဟုတ်ဘဲ မြှင့်တင်ပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ (စာရေးသူမှတ်ချက်။ မြန်မာနိုင်ငံမှာ ဒီအချက်တွေ အလွန်အားနည်းနေတယ်လို့ မြင်မိပါတယ်။)
စစ်မှန်တဲ့ စွမ်းပကား Power ရဲ့ စိတ်ခံစားချက်အနေနဲ့ကတော့ သတ္တိရှိခြင်း (Courage)၊ လက်ခံနားလည်ခြင်း (Acceptance)၊ အသိဉာဏ်ပညာ (Reason)၊ ချစ်ခြင်းမေတ္တာ (Love) နဲ့ ငြိမ်းချမ်းခြင်း (Peace) တို့ဟာ Power ရဲ့ အခြေခံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလို စိတ်အဆင့်ရှိတဲ့သူတွေအတွက် ရလဒ်ကတော့ စွမ်းအင်ကို တိုးပွားစေပြီး (Life-supporting)၊ ဘဝကို အောင်မြင်မှုနဲ့ ပျော်ရွှင်မှု အစစ်အမှန်ဆီကို ပို့ဆောင်ပေးတယ်လို့ ဆိုပါတယ်။
ဒီနေရာတော့ လူသားတွေရဲ့ အသိစိတ်အဆင့်အတန်းတွေကို တခုချင်း ရှင်းလင်းတင်ပြသွားပါ့မယ်။
စွမ်းအင်အဆင့်အတန်းများ (အသိစိတ်အဆင့်များ) (Energy Levels)
အသိစိတ်အဆင့် ၂၀ – အရှက်တရား (Shame)- သေခြင်းတရားနဲ့ အနီးစပ်ဆုံးအဆင့် ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုစိတ် ဒါမှမဟုတ် ဘဝကို လက်လျှော့လိုစိတ်တွေ ဖြစ်ပေါ်စေပါတယ်။
အသိစိတ်အဆင့် ၃၀ – အပြစ်ရှိသလိုခံစားရခြင်း (Guilty)- လူ့အဖွဲ့အစည်းမှာ အခြားသူတွေကို ချုပ်ကိုင်ဖို့ ဒါမှမဟုတ် အပြစ်ပေးဖို့ ဒီအဆင့်ကို အသုံးပြုလေ့ရှိပါတယ်။ ဒီအဆင့်မှာ ခွင့်မလွှတ်နိုင်တဲ့ စိတ်သဘောထားကို ဖြစ်ပေါ်စေပါတယ်။
အသိစိတ်အဆင့် ၅၀ – စိတ်ဓာတ်ကျဆင်းမှု / အားအင်ကုန်ခမ်းမှု (Apathy)- မျှော်လင့်ချက်ကင်းမဲ့တဲ့ အခြေအနေ ဖြစ်ပါတယ်။ အိမ်ခြေမဲ့တွေနဲ့ လူ့အဖွဲ့အစည်းက စွန့်ပစ်ထားသူတွေမှာ ဒီအဆင့်ကို တွေ့ရလေ့ရှိတယ်လို့ ဆိုပါတယ်။
အသိစိတ်အဆင့်၇၅ – နက်ရှိုင်းသော ဝမ်းနည်းမှု (Grief)- ဆုံးရှုံးမှုနဲ့ နောင်တရမှုတွေမှာ နစ်မွန်းနေတဲ့ အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်က စိတ်ဓာတ်ကျဆင်းမှု / အားအင်ကုန်ခမ်းမှု (Apathy) ထက်တော့ အားအင် ပိုရှိတယ်လို့ ဆိုပါတယ်။
အသိစိတ်အဆင့် ၁၀၀ – ကြောက်ရွံ့ခြင်း (Fear)- ဒီအဆင့်မှာ စွမ်းအင်အချို့ စတင်ထွက်ပေါ်လာပါတယ်။ ကမ္ဘာ့လူသားအများစုဟာ ရန်သူ၊ အိုမင်းခြင်းနဲ့ သေခြင်းတရားတို့ကို ကြောက်ရွံ့ခြင်နဲ့ တွန်းအားပေးနေကြတယ်လို့ ဆိုပါတယ်။
အသိစိတ်အဆင့် ၁၂၅ – လိုချင်တပ်မက်မှု (Desire)- စီးပွားရေး၊ ငွေကြေး၊ ဂုဏ်ဒြပ်တွေကို လိုချင်တပ်မက်တဲ့ လူသားတွေမှာ တွေ့ရပြီး ဒီအဆင့်မှာ လူသားတွေဟာ ဘယ်သောအခါမှ မရောင့်ရဲနိုင်တဲ့အဆင့်ဖြစ်ပါတယ်။
အသိစိတ်အဆင့် ၁၅၀ – ဒေါသ (Anger)- ဒေါသဟာ ဖျက်ဆီးခြင်းကို ဖြစ်စေနိုင်သလို၊ မတရားမှုကို ပြောင်းလဲရန် တော်လှန်တဲ့ တွန်းအား (Lever) လည်း ဖြစ်လာနိုင်ပါတယ်။
အသိစိတ်အဆင့် ၁၇၅ – မာန (Pride)- လူအများစု လိုချင်တဲ့ အဆင့်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု စတင်လာပါတယ်။ ဒါပေမယ့် အပြင်ပန်း အခြေအနေတွေပေါ်မှာ မူတည်နေတဲ့ အားနည်းချက် ရှိနေပါသေးတယ်။
ဒေါက်တာဟော့ကင်းစ်က အဆင့် ၂၀ ကနေ ၁၇၅ ဟာ အလွန် နိမ့်ကျတဲ့စိတ်ဓာတ်ပိုင်ရှင်တွေလို့ ဆိုထားပါတယ်။
စစ်မှန်သော စွမ်းပကားအဆင့်များ (The Realm of Power)
အသိစိတ်အဆင့် ၂၀၀ – သတ္တိ (Courage)- ဒီအဆင့်ဟာ Force (အဓမ္မခိုင်းစေအား) ကနေ Power (စစ်မှန်တဲ့ စွမ်းပကား) ကို စတင်ကူးပြောင်းလာတဲ့အဆင့်လို့ ဆိုပါတယ်။ ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်လိုတဲ့စိတ်ဆန္ဒ စတင်ပေါ်ပေါက်လာတယ်လို့ ဆိုထားပါတယ်။
အသိစိတ်အဆင့် ၂၅၀ – ကြားနေခြင်း (Neutrality)- အဖြူအမည်း ခွဲခြားခြင်းနဲ့ တင်းမာမှုတွေကနေ လွတ်မြောက်လာတဲ့ အဆင့်ဖြစ်တယ်လို့ ဆိုပါတယ်။ လိုက်လျောညီထွေရှိပြီး စိတ်အေးချမ်းမှုရှိအဲ့အဆင့်လို့ ဆိုထားပါတယ်။
အသိစိတ်အဆင့် ၃၁၀ – စိတ်အားထက်သန်မှု (Willingness)- အပြုသဘောဆောင်တဲ့ အဆင့်ဖြစ်ပြီး အောင်မြင်မှုတွေ အလိုအလျောက် ရရှိလာတယ်လို့ ဆိုပါတယ်။ အခြားသူတွေကို ကူညီလိုစိတ်ရှိပြီး သင်ယူလိုတဲ့စိတ်ရှိတယ်လို့ ဆိုပါတယ်။ (စာရေးသူမှတ်ချက်။ မြန်မာလူမျိုးအများစုဟာ ငါပဲသိတယ် ငါပဲတတ်တယ် ငါက ဘယ်သူ့ဆီကမှ သင်ယူစရာ မလိုဘူးဆိုတဲ့စိတ်ဓာတ်ရှိပါတယ်။)
အသိစိတ်အဆင့် ၃၅၀ – လက်ခံခြင်း (Acceptance)- မိမိကိုယ်တိုင်သည်သာ မိမိဘဝကို ဖန်တီးသူ (Creator) ဖြစ်တယ်လို့ နားလည်လာသောအဆင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအဆင့်မှာ လောကကို ရှိရင်းစွဲအတိုင်း လက်ခံနိုင်လာတယ်လို့ ဆိုထားပါတယ်။
အသိစိတ်အဆင့် ၄၀၀ – အကျိုးသင့်အကြောင်းသင့်ရှိခြင်း (Reason)- အသိဉာဏ်နဲ့ ဆင်ခြင်တုံတရား ထွန်းကားတဲ့ အဆင့်ဖြစ်တယ်လို့ ဆိုပါတယ်။ သိပ္ပံပညာရှင်တွေနဲ့ တွေးခေါ်ပညာရှင်ကြီးတွေမှာ (ဥပမာ- အိုင်းစတိုင်း၊ ဖရွိုက်) တို့က ဒီအဆင့်မှာရှိတယ်လို့ ဆိုပါတယ်။
အသိစိတ်အဆင့် ၅၀၀ – မေတ္တာ (Love)- အခြေအနေအရ ပြောင်းလဲတဲ့ ချစ်ခြင်းမေတ္တာမျိုးမဟုတ်ဘဲ၊ ထာဝရ တည်မြဲတဲ့ “ ခြွင်းချက်မရှိတဲ့မေတ္တာ” ဖြစ်တယ်လို့ ဆိုပါတယ်။
အသိစိတ်အဆင့် ၅၄၀ – ဝမ်းမြောက်ခြင်း (Joy)- အတွင်းစိတ်ကနေ ပီတိတွေ ဝေဖြာနေတဲ့ အဆင့်ဖြစ်တယ်လို့ ဆိုပါတယ်။ သူတော်စင်တွေနဲ့ ဆေးကုသမှုလုပ်ဆောင်သူတွေက ဒီအဆင့်မှာ ရှိတယ်လို့ ဆိုပါတယ်။
အသိစိတ်အဆင့် ၆၀၀ – ငြိမ်းချမ်းခြင်း (Peace)- အလွန်ရှားပါးတဲ့အဆင့်ဖြစ်ပြီး “ ဘုရားသခင်နဲ့ တစ်သားတည်းဖြစ်ခြင်း” လို့ ခေါ်ဆိုနိုင်ပါတယ်လို့ ဆိုပါတယ်။ စိတ်ဝိညာဉ်လောကမှာတော့ ဒီအဆင့်ကို Oneness လို့ ခေါ်ဆိုကြပါတယ်။
အသိစိတ်အဆင့် ၇၀၀ ~ ၁၀၀၀ – ဉာဏ်အလင်းပွင့်ခြင်း (Enlightenment)- သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံးသူတွေ (ဥပမာ- ဗုဒ္ဓမြတ်စွာဘုရား၊ ယေရှုခရစ်တော်၊ ခရစ်ရှနာ) တို့ရဲ့ အဆင့် ဖြစ်တယ်လို့ ဆိုပါတယ်။
Force နဲ့ Power ရဲ့ အဓိက ကွဲပြားချက်
အသိစိတ်အဆင့် ၁၀၀ အောက်-ဖျက်ဆီးလိုတဲ့အား (Force) ဖြစ်ပြီး လူတစ်ဦးချင်းစီနဲ့ လူ့အဖွဲ့အစည်းအတွက် အကျိုးမရှိပါ။
အသိစိတ်အဆင့် ၂၀၀ အထက်- တည်ဆောက်လိုသော စွမ်းပကား (Power) ဖြစ်ပြီး အမှန်တရားနဲ့ သက်ဆိုင်ပါတယ်။
အပေါ်က ဖော်ပြခဲ့တဲ့ စိတ်အဆင့် (စိတ်စွမ်းအား) တွေနဲ့ လူ့ယဉ်ကျေးမှု ဘယ်လိုဆက်နွယ်သွားတယ်ဆိုတာကို ဆက်လက်ပြီးတော့ တင်ပြသွားပါ့မယ်။
စိတ်စွမ်းအား ၂၀၀ အောက်မှာရောက်နေတဲ့ နိုင်ငံတွေမှာ လူတွေဟာ အသက်ရှင်ဖို့အတွက် ခက်ခက်ခဲခဲ ရပ်တည်ရပြီး လူတွေဟာ ရှေးခေတ်ကလူတွေရဲ့ ယဉ်ကျေးမှု အခြေအနေမှာ ရှိတယ်လို့ မြင်ရတယ်လို့ ဆိုပါတယ်။ လူတွေရဲ့ အဝတ်အစား တွေဟာလည်း ဟောင်းနွမ်းနေပြီး စာပေမတတ်တဲ့ သဘောသဘာဝ ရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီနိုင်ငံတွေမှာ မွေးကင်းစ ကလေးငယ် သေဆုံးမှုတွေ မြင့်တက်နေပြီး အဲ့ဒီနိုင်ငံက လူအများစုဟာ ကျန်းမာရေးချို့တဲ့နေကြပြီး မကျန်းမာတဲ့သူတွေ များပြားတယ်လို့ ဖော်ပြထားပါတယ်။ အဟာရမပြည့်ဝမှုတွေလည်း ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ကြုံတွေရပြီး လူ့အဖွဲ့အစည်းက ဒုက္ခတွေကို ခါးစီးခံနေရတယ်လို့ ဆိုပါတယ်။ ဒီလိုနိုင်ငံတွေမှာ အဆင့်မြင့် နည်းပညာတွေ မဖွံ့ဖြိုးသေးသလို တီတွင်ကြံဆမှုတွေလည်း မလုပ်နိုင်ဘဲ လူတွေဟာ စားဝတ်နေရေးနဲ့ အိပ်စရာ နေရာ အတွက် အဓိက အာရုံစိုက်နေရပြီး ဒါကို ကျော်လွှားနိုင်ဖို့သာ လုပ်နေရတယ်လို့ ဆိုပါတယ်။
စိတ်စွမ်းအား ၂၀၀ အောက်မှာရှိတဲ့နိုင်ငံတွေမှာ လူတွေဟာ ပစ္စည်းအလဲအလှယ် လုပ်ဖို့သာ လိုအပ်ပြီး ကျွမ်းကျင်မှု မလိုအပ်တဲ့ အလုပ်မျိုးတွေကိုပဲ အဓိက လုပ်ကြတယ်လို့ ဆိုပါတယ်။ အဲ့ဒီနိုင်ငံကလူတွေဟာ နေစရာအိမ်ဆိုလည်း ဖြစ်သလို နံရံနဲ့ ကြမ်းပြင်သာပါတဲ့ အိမ်လိုမျိုးကို ဆောက်ကြတယ်လို့ ဆိုပါတယ်။
စိတ်စွမ်းအင် ၂၀၀ အလယ်မှာ ရောက်နေတဲ့ နိုင်ငံတွေမှာ အကန့်အသတ် ကျွမ်းကျင်မှုတွေ လိုအပ်လာတဲ့ အလုပ်မျိုးတွေနဲ့ ဆက်နွယ်လာတယ်လို့ ဆိုပါတယ်။ အိမ်ရာတွေဆိုလည်း ခိုင်ခန့်တဲ့အိမ်ရာတွေ ဆောက်လာကြပြီး အစားအသောက်နဲ့ သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာလည်း ယုံကြည်မှုတွေ တည်ဆောက်လာနိုင်တယ်လို့ ဆိုပါတယ်။ အဝတ်အစားတွေ ဆိုလည်း လူ့အသိုင်းအဝိုင်း လိုအပ်ချက်အရ အနည်းငယ်တိုးတက်လာပြီး မူလတန်းပညာရေး တတ်မြောက်မှုလည်း စတင်လာတယ်လို့ ဆိုပါတယ်။
စိတ်စွမ်းအင် ၂၀၀ အထက်ပိုင်းမှာရှိတဲ့ နိုင်ငံတွေမှာတော့ ကျွမ်းကျင်မှုလိုအပ်တဲ့ အလုပ်တွေ ပေါ်ပေါက်လာပြီး ကျွမ်းကျင်တဲ့ အလုပ်သမားတွေ၊ ကုန်သည်တွေ၊ လက်လီရောင်းဝယ်သူတွေ၊ စီးပွားရေး လုပ်ငန်းတွေ ကြီးထွားလာတယ်လို့ ဆိုပါတယ်။
စိတ်စွမ်းအင် ၃၀၀ မှာရှိတဲ့ နိုင်ငံတွေမှာတော့ နည်းပညာကျွမ်းကျင်သူတွေ၊ အဆင့်မြင့်တတ်ကျွမ်းသူတွေ၊ နေ့စဉ် အလုပ်တာဝန် ထမ်းဆောင်ရတဲ့ မန်နေဂျာတွေ ကုမ္ပဏီဝန်ထမ်းတွေပေါ်လာပြီး ခေတ်မီတဲ့ စီးပွားရေးလုပ်ငန်းတွေကို တွေ့မြင် လာရပြီး ပညာရေးဆိုရင်လည်း အလယ်တန်းပညာရေးကို အားလုံးအောင်မြင်နိုင်တဲ့ အခြေအနေကို ရောက်လာတယ်လို့ ဆိုပါတယ်။ လူနေမှုဘဝပုံစံမှာလည်း ဝါသနာပါတာတွေကို လုပ်တာမျိုးတွေ၊ အားကစားတွေ၊ အများပြည်သူ ဖျော်ဖြေရေး လုပ်ငန်းတွေကို တွေ့မြင်လာရတယ်လို့ ဆိုပါတယ်။
စိတ်စွမ်းအင် ၃၀၀ အလယ်မှာရှိတဲ့ နိုင်ငံတွေမှာတော့ လူတွေဟာ လူနေမှုဘဝမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို အသေးစိတ်နားလည်နိုင်တဲ့ အသိဉာဏ်ပညာတွေ ပိုင်ဆိုင်လာကြပြီလို့ ဆိုပါတယ်။ လူတွေဟာ မိမိတို့ရဲ့ပိုင်နက်၊ မိမိတို့လူမျိုးနဲ့ မိမိတို့ရဲ့မြို့ရွာတွေကို ကျော်ပြီး နိုင်ငံတခုလုံးရဲ့ လူမှုဖူလုံရေးအတွက် စဉ်းစားလာကြပြီး နည်းပညာကျွမ်းကျင်တဲ့သူတွေ၊ လူ့အဖွဲ့အစည်းအတွက် တာဝန်ယူတဲ့သူတွေ၊ ပညာရေးအတွက် ပညာရေးဝန်ထမ်းတွေ ပေါ်ပေါက်လာကြတာကို တွေ့မြင်ရတယ်လို့ ဆိုပါတယ်။ ဒီအဆင့်မှာရှိတဲ့ နိုင်ငံတွေမှာ “ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ အလိုက်သင့်နေထိုင်နိုင်တဲ့ အရည်အချင်းနဲ့ သတင်းအချက်အလက် ရှာဖွေနိုင်မှုက လူနေမှုဘဝကို အထောက်အပံ့ ဖြစ်စေပါတယ်။ လူမှုရေး အဆင့်အတန်းကို ပြောင်းလဲနိုင်တဲ့ စွမ်းဆောင်ရည်နဲ့ အရင်းအမြစ်တွေလည်း ရှိနေတယ်” လို့ ဆိုပါတယ်။” ဒါတွေကြောင့် လူတွေဟာ ခရီးထွက်တာမျိုးနဲ့ တခြားစိတ်လှုပ်ရှားဖို့ကောင်းတဲ့ အပန်းဖြေမှုတွေကို လုပ်ဆောင်လာနိုင်ကြပါတယ်” လို့ဆိုပါတယ်။
အဆင့် ၄၀၀ (Level 400) – အသိဉာဏ်ပညာ နိုးကြားလာသော အဆင့်
အဆင့် ၄၀၀ မှာတော့ အသိဉာဏ်ပညာ စတင်နိုးကြားလာသော အဆင့်ဖြစ်တယ်လို့ ဒေါက်တာဟော့ကင်းစ်က ပြောထား ပါတယ်။ စစ်မှန်တဲ့ ယဉ်ကျေးမှုဗဟုသုတ၊ မြင့်မားတဲ့ပညာရေး၊ အဆင့်မြင့် အတတ်ပညာရှင်များ၊ စီမံခန့်ခွဲသူများနှင့် ဓာတုဗေဒပညာရှင်တွေကို ဒီအဆင့်မှာ တွေ့ရတတ်တယ်လို့ ဆိုပါတယ်။
နိမ့်ကျတဲ့အသိစိတ်အဆင့်တွေမှာ မတွေ့ရတတ်တဲ့ စာအုပ်စာတမ်းတွေ၊ မဂ္ဂဇင်းတွေနဲ့ အခါအားလျော်စွာ ထုတ်ဝေတဲ့ စာစောင်တွေနဲ့ ပြည့်နှက်နေတဲ့ စာအုပ်စင်တွေကိုလည်း ဒီစိတ်ဓာတ်အဆင့်ရှိသူတို့ရဲ့ နေအိမ်တွေမှာနဲ့ လူ့အသိုင်းအဝိုင်းမှာ တွေ့မြင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ရုပ်မြင်သံကြားတွေမှာလည်း ပညာပေးအစီအစဉ်တွေနဲ့ အဆင့်မြင့်တဲ့ နိုင်ငံရေး ဆိုင်ရာ အသိပညာပေးမှုတွေကိုလည်း လူထုက အာရုံစိုက် ကြည့်ရှုကြတယ်လို့ ဖော်ပြထားပါတယ်။
ဒီလို အသိစိတ်အဆင့်ရှိတဲ့သူတွေမှာ အောက်က ဝိသေသလက္ခဏာတွေ ရှိကြတယ်လို့ ဆိုပါတယ်။
• ဆက်သွယ်ပြောဆိုမှုစွမ်းရည်- အလွန်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ပါတယ်။
• ဝါသနာ- အသိဉာဏ်ဆိုင်ရာ စိတ်ဝင်စားမှုတွေနဲ့ အနုပညာဖန်တီးနိုင်စွမ်းတို့မှာ တူညီတဲ့ စိတ်အားထက်သန်မှု ရှိကြတယ်လို့ ဆိုပါတယ်။
• အပန်းဖြေမှု- ကစားတာ၊ ခရီးသွားတာ၊ ပြဇာတ်နဲ့ ဂီတဖျော်ဖြေပွဲတွေ ကြည့်ရှုတာတွေကို နှစ်သက်ကြတယ်လို့ ဆိုပါတယ်။
ပုဂ္ဂလိကကဏ္ဍမှာလည်း ပြင်းထန်တဲ့ လူမှုပတ်ဝန်းကျင် ပြဿနာတွေကို ဂရုပြုလာကြပြီး၊ အဲ့ဒီပြဿနာတွေကို ပြုပြင် ပြောင်းလဲဖို့ စိတ်ဆန္ဒတွေ ဖြစ်ပေါ်လာတတ်တယ်လို့ ဆိုပါတယ်။ တရားလွှတ်တော်ချုပ် တရားသူကြီးတွေ ကုမ္ပဏီဥက္ကဋ္ဌတွေ၊ စစ်မှန်တဲ့ နိုင်ငံရေးသမားတွေ၊ တီထွင်သူတွေနဲ့ စက်မှုကဏ္ဍက ခေါင်းဆောင်တွေဟာ ဒီအဆင့်ရဲ့ နယ်ပယ်အတွင်းမှာ ပါဝင်ကြတယ်လို့ ဆိုပါတယ်။
ပညာရေးနဲ့ လူမှုစီးပွားအဆင့်အတန်း (Education & Social Status)
ပညာရေးဟာ ဒီအဆင့်ရဲ့ အခြေခံအုတ်မြစ် ဖြစ်တာကြောင့် လူတွေဟာ တက္ကသိုလ်တွေလို အသိပညာ အရင်းအမြစ်တွေကို လွယ်ကူစွာ ရယူနိုင်တဲ့ မြို့ပြဒေသတွေမှာ စုစည်းနေထိုင်ကြတဲ့ လားရာ ရှိတယ်လို့ ဆိုပါတယ်။ ဒီအသိစိတ်အဆင့်မှာ ပညာရေးလောကသားတွေ၊ ရှေ့နေတွေနဲ့ အခြားအထူးပြုဘာသာရပ်နယ်ပယ်တွေမှာ ကျွမ်းကျင်သူတွေ ပေါ်လာတယ်လို့ ဆိုပါတယ်။
အသိစိတ်အဆင့် ၄၀၀ ရဲ့ အမြင့်ဆုံးနေရာမှာ ရှိနေသူတွေဟာ သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ခေါင်းဆောင်ပိုင်းတွေမှာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုလူတွေဟာ လူမှုပတ်ဝန်းကျင်ရဲ့ မြင့်မားတဲ့ အသိအမှတ်ပြုမှုကို ရရှိထားပြီး၊ ဒီကိစ္စရပ်တွေကို အောင်မြင်စွာ ပြီးမြောက်အောင်မြင်စေတဲ့ အဆင့်အတန်းမျိုး ရှိကြတယ်လို့ ဆိုပါတယ်။ ဥပမာအားဖြင့် – အိုင်းစတိုင်း (Einstein) နှင့် ဖရွိုက် (Freud) တို့ နှစ်ဦးလုံးဟာ အဆင့် ၄၉၉ ရှိတယ်လို့ ဒေါက်တာဟော့ကင်းစ်က ဆိုထားပါတယ်။
အသိစိတ်အဆင့် ၄၀၀ ဟာ တက္ကသိုလ်ပညာရေးနဲ့ ဒေါက်တာဘွဲ့အဆင့်တွေမှာ တွေ့ရပြီး၊ အကန့်အသတ်ရှိတဲ့ နယူတန်ရဲ့ ကမ္ဘာအမြင် (Newtonian worldview) နဲ့ ဒေးကာ့ရဲ့ “ စိတ်နဲ့ ရုပ် တခြားစီ ဖြစ်ခြင်း” (Mind-body dualism) မှာ တွေ့ရတယ်လို့ ဆိုထားပါတယ်။ (နယူတန်နှင့် ဒေးကာ့တို့ကိုလည်း အဆင့် ၄၉၉ လို့ ဒေါက်တာဟော့ကင်းစ်က ခန့်မှန်းထား ပါတယ်)။
အသိစိတ်အဆင့် ၂၀၀ ဟာ အသိတိစိတ် ပြောင်းလဲမှုရဲ့ အရေးပါတဲ့ အချိုးအကွေ့ (Critical point) ဖြစ်သလို၊ အဆင့် ၅၀၀ ဟာလည်း အသိစိတ် သိသိသာသာ ခုန်ပျံကျော်လွှားသွားနိုင်တဲ့ အရေးပါတဲ့ အချိုးအကွေ့တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
အသိစိတ် ၅၀၀ အဆင့်မှာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ နေထိုင်မှုအပေါ်မှာ အာရုံစိုက်နေဆဲ ဖြစ်ပေမယ့် “ ချစ်ခြင်းမေတ္တာ” (Love) ဟာ အဓိက တွန်းအား ဖြစ်လာတာကြောင့် လုပ်ဆောင်ချက်အားလုံးဟာ အရောင်အသွေး စုံလင်လာတယ်လို့ ဆိုပါတယ်။ ဖန်တီးနိုင်စွမ်း (Creativity) ကို အပြည့်အဝ ဖော်ထုတ်ပြသလာနိုင်ပြီး၊ အဲ့ဒါနဲ့အတူ ခိုင်မာတဲ့ ကတိကဝတ် (Commitment)၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုနဲ့ ဆွဲဆောင်မှုရှိတဲ့ သြဇာတိက္ကမ (Charisma) တို့ ပါဝင်လာပါတယ်။
ထူးချွန်မှုနဲ့ သဘာဝအလျောက် ခေါင်းဆောင်ဖြစ်လာခြင်း (Excellence & Natural Leadership)
ဒီအဆင့်ရှိသူတွေရဲ့ တူညီတဲ့အချက်မှာ အားကစားမှသည် ဓာတုဗေဒ သုတေသနအထိ နယ်ပယ်အသီးသီးမှာ ထူးချွန်ကြခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ အခြားသူတွေအပေါ်မှာ မေတ္တာတရားထားတာဟာ သူတို့အတွက် ကြီးမားတဲ့ တွန်းအားတစ်ခု ဖြစ်လာကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မိမိတို့ သတ်မှတ်ထားတဲ့ မူဝါဒလမ်းစဉ်တွေကိုလည်း ကိုယ်ကျိုးစွန့် အနစ်နာခံကာ အဆုံးတိုင်အောင် ထမ်းဆောင်ကြတယ်လို့ ဆိုထားပါတယ်။
ဒီလူတွေဟာ ခေါင်းဆောင်ဖြစ်ဖို့ မကြိုးစားပေမဲ့ လူအများက သူတို့ကို ခေါင်းဆောင်အဖြစ် လိုလားတောင့်တလာကြတယ်လို့ ဆိုထားပါတယ်။ ဗိသုကာပညာရှင်စစ်စစ် (ဒါမှမဟုတ် တီထွင်ဖန်တီးသူတွေ) ဟာ ဒီအဆင့်ကနေ စတင် ပေါ်ထွက်လာလေ့ ရှိတယ်လို့ ဆိုထားပါတယ်။
အသိစိတ်အဆင့် ၅၀၀ ရဲ့ အထက်ပိုင်း – စံပြပုဂ္ဂိုလ်တွေနဲ့ ကမ္ဘာ့အမြင်သစ်ကို ဖန်တီးသူတွေ
အသိစိတ်အဆင့် ၅၀၀ ရဲ့ အထက်ပိုင်းမှာတော့ မိမိတို့ရဲ့ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ လူ့အဖွဲ့အစည်းအတွက် စံပြပုဂ္ဂိုလ်တွေ (Role Models) ပေါ်ထွက်လာကြတယ်လို့ ဒေါက်တာဟော့ကင်းစ်က ဆိုထားပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ နက်နဲတဲ့ တွေးခေါ်မြော်မြင်မှုတွေကနေတဆင့် လူသားမျိုးနွယ်အတွက် ကမ္ဘာ့အမြင်သစ် (New Paradigm) တွေကို ဖန်တီးပေးတဲ့ ခေါင်းဆောင်တွေ ဖြစ်လာကြတယ်လို့ ဆိုပါတယ်။
သူတို့ကိုယ်တိုင်ကတော့ သူတို့မှာ ချို့ယွင်းချက်တွေနဲ့ အကန့်အသတ်တွေ ရှိနေသေးတယ်ဆိုတာကို ကောင်းစွာ သိရှိကြတဲ့သူတွေ ဖြစ်ပေမယ့် သာမန်လူတွေကတော့ သူတို့ကို ထူးခြားထက်မြက်တဲ့ လူသားတွေအဖြစ် သတ်မှတ်ကြပြီး ကြီးကျယ်ခမ်းနားတဲ့ ချီးမွမ်းဂုဏ်ပြုမှုတွေနဲ့ အသိအမှတ်ပြုတတ်ကြတယ်လို့ ဆိုပါတယ်။
အသိစိတ်အဆင့် ၅၀၀ ရဲ့ အလယ်ပိုင်း – ဝိညာဉ်ရေးရာ နိုးကြားမှု
အသိစိတ်အဆင့် ၅၀၀ ရဲ့ အလယ်ပိုင်းမှာ ရှိနေသူ အများစုဟာ နက်နဲတဲ့ ဝိညာဉ်ရေးရာ အတွေ့အကြုံ (Spiritual experience) တွေကို ခံစားရရှိကြပြီး၊ နာမ်ပိုင်းဆိုင်ရာ ရှာဖွေမှုတွေမှာ အာရုံစိုက် နှစ်မြှုပ်လာကြတယ်လို့ ဆိုပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ရုတ်တရက်ဆိုသလို သူတို့ရဲ့ အတွင်းစိတ်ကမ္ဘာထဲကို နက်ရှိုင်းစွာ နစ်ဝင်သွားတတ်တဲ့အတွက် မိတ်ဆွေ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေကို အံ့အားသင့်စေတတ်တယ်လို့ ဆိုထားပါတယ်။
ဒီအသိစိတ်အဆင့်ရှိ အသိပညာဗဟုသုတကို “ သိမြင်နိုးကြားမှု (Revelation)” လို့ ဖော်ပြနိုင်ပြီး၊ သူတို့ဟာ အဲ့ဒီ သိမြင်နိုးကြားမှုကို အခြေခံပြီး လူ့အဖွဲ့အစည်းတစ်ခုလုံး တိုးတက်ကောင်းမွန်လာစေဖို့ အလေးထား ဆောင်ရွက်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အသိစိတ်အဆင့် ၆၀၀ – ငြိမ်းချမ်းခြင်းနဲ့ မေတ္တာကရုဏာ
လူပုဂ္ဂိုလ်အချို့ဟာ အဆင့် ၆၀၀ လို့ တိုင်းတာနိုင်တဲ့ နယ်ပယ်အထိ အသိဉာဏ်အဆင့်အတန်း သိသိသာသာ ခုန်ပျံကျော်လွှားသွားတတ်ကြတယ်လို့ ဆိုထားပါတယ်။ အဲ့ဒီလိုပုဂ္ဂိုလ်တွေရဲ့ ဘဝဖြစ်စဉ်ဟာ အတ္ထုပ္ပတ္တိ (Biography) အဖြစ် သမိုင်းမှာ ကျန်ရစ်ရတဲ့အထိ ထူးခြားလှတယ်လို့ ဆိုထားပါတယ်။
အသိစိတ်အဆင့် ၆၀၀ ရဲ့ အဓိပ္ပာယ်ဟာ “ မေတ္တာကရုဏာ” (Compassion/Loving-kindness) ဖြစ်ပြီး၊ အဲ့ဒီ မေတ္တာကရုဏာတရားကနေပြီး အဲ့ဒီပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်တွေနဲ့ လှုပ်ရှားမှုတိုင်းကို ဖြစ်ပေါ်စေတဲ့ အဓိကတွန်းအား ဖြစ်လာတယ်လို့ ဆိုပါတယ်။
အသိစိတ်အဆင့် ၇၀၀ မှ ၁၀၀၀ – အလင်းပွင့်ခြင်း (Enlightenment)
ဒီအသိစိတ်အဆင့်ဟာ လူသားတို့ ရောက်ရှိနိုင်တဲ့ အမြင့်ဆုံး အသိစိတ်နယ်ပယ် ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီအဆင့်မှာတော့ “ ငါ” ဆိုတဲ့ အတ္တ လုံးဝကွယ်ပျောက်သွားပြီး၊ ရုပ်ဝတ္ထုလောကနဲ့ နာမ်လောကတို့ တစ်သားတည်း ဖြစ်သွားတဲ့ အခြေအနေမျိုး ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒီအသိစိတ်အဆင့်မှာရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ သြဇာသက်ရောက်မှု
ဒီအသိစိတ်အဆင့်ရှိသူတွေရဲ့ တည်ရှိမှုက လူသားမျိုးနွယ်တစ်ခုလုံးရဲ့ အသိစိတ်ကို မြှင့်တင်ပေးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီပုဂ္ဂိုလ်တွေရဲ့ စကားလုံးတွေ၊ အဆုံးအမတွေ၊ ဒဿနိကတွေဟာ ရာစုနှစ်ပေါင်းများစွာတိုင်အောင် တည်တံ့နေတတ်တယ်လို့ ဆိုထားပါတယ်။
ဒီအသိစိတ်အဆင့်မှာရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဝိသေသလက္ခဏာ
ခွဲခြားမှု မရှိတဲ့ မေတ္တာ၊ အဆုံးစွန်တဲ့ ငြိမ်းချမ်းမှုနဲ့ စကြဝဠာတစ်ခုလုံးနဲ့ တစ်သားတည်းကျနေခြင်း (Oneness) တို့ ဖြစ်ပါတယ်။
သမိုင်းတစ်လျှောက်မှာ ဒီအဆင့်ကို ရောက်ရှိခဲ့သူတွေကတော့ ဗုဒ္ဓမြတ်စွာဘုရား (Lord Buddha)၊ သခင်ယေရှု (Jesus Christ) နဲ့ ခရစ်ရှနား (Krishna) တို့လို ဝိညာဉ်ရေးရာ အထွတ်အထိပ်ကို ရောက်ရှိသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
အနှစ်ချုပ်အနေနဲ့ပြောရရင် အသိစိတ် ၄၀၀ အဆင့်ဟာ “ ဦးနှောက်” (Logic) ကို အခြေခံပြီး အသိစိတ် ၅၀၀ အဆင့်ဟာ “ နှလုံးသား” (Heart) ကို အခြေခံတယ်လို့ ပြောနိုင်ပါတယ်။ အသိစိတ် ၆၀၀ အဆင့်နဲ့အထက်ကတော့ “ စိတ်ဝိညာဉ်/နာမ်” (Spirit) ကို အခြေခံတယ်လို့ ပြောနိုင်ပါတယ်။
အသိစိတ်အဆင့် ၄၉၉ လို့ သတ်မှတ်ထားတဲ့ အိုင်းစတိုင်း (Albert Einstein) က “ The important thing is not to stop questioning. Curiosity has its own reason for existing.” “ အရေးကြီးဆုံးအချက်က မေးခွန်းထုတ်တာကို မရပ်တန့်ဖို့ပဲ ဖြစ်ပါတယ်။ စူးစမ်းလိုစိတ်ဆိုတာ သူကိုယ်တိုင် တည်ရှိနေရတာအတွက် ခိုင်လုံတဲ့ အကြောင်းပြချက် ရှိပြီးသားဖြစ်တယ်။”
အသိစိတ်အဆင့် ၅၀၀ ချစ်ခြင်းမေတ္တာမှာ ရှိတယ်လို့ သတ်မှတ်ထားတဲ့ မာသာထရီဆာက “ Spread love everywhere you go. Let no one ever come to you without leaving happier.” “ သင်သွားလေရာတိုင်းမှာ မေတ္တာတရားကို ဖြန့်ဝေပါ။ သင့်ဆီကို ရောက်လာတဲ့သူတိုင်းဟာ အရင်ကထက် ပိုပြီး ပျော်ရွှင်မသွားဘဲ မပြန်ပါစေနဲ့။”
အသိစိတ်အဆင့် ၆၀၀ ငြမ်းချမ်းခြင်း ရှိတယ်လို့ သတ်မှတ်ထားတဲ့ မဟတ္တမဂန္ဓီက “ An eye for an eye will only make the whole world blind.” “ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးနဲ့ ပြန်လည် လက်စားချေနေမယ်ဆိုရင် တစ်ကမ္ဘာလုံး ကန်းသွားဖို့ပဲ ရှိပါလိမ့်မယ်။” လို့ ပြောဆိုခဲ့ပါတယ်။
အသိစိတ်အဆင့် ၇၀၀ အထက် ရရှိထားတဲ့ ဂေါတမ မြတ်စွာဘုရားရဲ့ ဆိုစကားတော့ “ Peace comes from within. Do not seek it without.” “ ငြိမ်းချမ်းမှုဆိုသည်မှာ မိမိ၏ အတွင်းစိတ်ကသာ လာခြင်းဖြစ်သည်။ ပြင်ပလောကတွင် လိုက်မရှာနဲ့။” ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင် လူတွေရဲ့ မြင့်မြတ်တဲ့ အသိစိတ်အဆင့်ဟာ ပတ်ဝန်းကျင်တစ်ခုလုံးနဲ့ နိုင်ငံတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်တယ်လို့ ဒေါက်တာဟော့ကင်းစ်က ဆိုထားပါတယ်။
Grace
စာရေးသူမိတ်ဆက်။
Grace သည် ဂျပန်နိုင်ငံရှိ တက္ကသိုလ်တခုတွင် ပါရဂူတန်း တက်ရောက်နေသူ ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာနှင့် မြန်မာဘာသာများကို ကျွမ်းကျင်စွာ ရေးဖတ်ပြောဆိုနိုင်သူ Multilingual တစ်ဦး ဖြစ်ပါသည်။ သူသည် ဂျပန်ဘာသာစကား၊ ယဉ်ကျေးမှု၊ မဟာယန ဗုဒ္ဓဘာသာ၊ ထေရဝါဒ ဗုဒ္ဓဘာသာ၊ တိဗက် ဗုဒ္ဓဘာသာ၊ ဇင်ဗုဒ္ဓဘာသာစသည့် အရှေ့တိုင်း ဘာသာတရားနှင့် စိတ်ဝိညဉ်ဖြစ်စဉ်များကို စိတ်ဝင်စား လေ့လာနေသူ ဖြစ်ပါသည်။ သူသည် Meditation ကျင့်စဉ်များကိုလည်း ကျင့်ကြံနေသူတစ်ဦးဖြစ်ပါသည်။ ခေတ်မျက်လုံးအတွက် ဂျပန်နှင့် အင်္ဂလိပ်ဘာသာ နိုင်ငံရေး ဆောင်းပါးများကိုလည်း ဘာသာပြန်ပေးနေသူဖြစ်ပါသည်။
Grace ရေးသားခဲ့တဲ့ဆောင်းပါးအချို့ကို အောက်ပါလင့်တွေမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။
ဘဝကို ပြောင်းလဲပေးနိုင်သော ဗုဒ္ဓ၏ ဟောကြားချက်များ
https://eraseye.com/2025/06/41465/
အာရုံစူးစိုက်မှု ပြန်လည်ကောင်းမွန်လာစေဖို့ ဗုဒ္ဓဂေါတမရဲ့ ကျင့်စဉ်အပေါ်မှာ အခြေခံထားတဲ့ Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်
https://eraseye.com/2025/21/41080/









