မတ်လ (၇)ရက်။
ဒီကနေ့ နံနက် (၁၀)နာရီခန့်က ကနီမြို နတ်လာပိုရွာမှာ ရှင်ပြုအလှူပွဲပြုလုပ်တဲ့ နေအိမ်ကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။
“ နမခဘက်ကနေ အသေခံဒရုန်း (၃)စီးနဲ့ ချင်းတွင်းမြစ်ရိုးက ရွာတွေကို ဗုံးကြဲသွားတာ။ ကြဲတာက နတ်လာပိုတောင်ရွာ၊ မြောက်ရွာနဲ့ သပြောတောရွာ၊ အဲ့ဒီအချိန်က နတ်လာပိုရွာမှာ ရှင်ပြုအလှူပွဲ ကျင်းပနေတာဆိုတော့ အထိအခိုက် တော်တော်များတယ်” လို ဆိုပါတယ်။
စစ်တပ်ရဲ့ နမခစစ်ဌာနချုပ်ကနေ အသေခံဒရုန်း (၃)စီးခန့်နဲ့ ချင်းတွင်းမြစ်ရိုးရှိ နတ်လာပိုတောင်ရွာ၊ မြောက်ရွာနဲ့ သပြောတောရွာတိုကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
အဲ့ဒီလိုတိုက်ခိုက်တာဟာ နတ်လာပိုရွာမှာ ရှင်ပြုအလှူပွဲ ကျင်းပနေချိန်ဖြစ်တာကြောင့် အလှူပွဲရှိ ဒေသခံ (၅)ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို (၁၅)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို သူက ဆက်ပြောပါတယ်။
နောက်ပြီး စစ်တပ်ဟာ နတ်လာပိုမြောက်ရွာရှိ ဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကိုရင် (၂)ပါး ပျံလွန်တော်မူခဲ့တယ်လို သတင်းတွေက ဖော်ပြထားပါတယ်။
ဗုံးကြဲခံရတဲ့ နတ်လာပိုရွာဟာ ချင်းတွင်းမြစ်ရိုးမှာ တည်ရှိပြီး နမခစစ်ဌာနချုပ်နဲ့ မြစ်ခြားပေမယ့် မနီးမဝေးဖြစ်တာကြောင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ကျေးရွာတရွာလို သူက ဆက်ပြောပါတယ်။
အခုလို စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် နတ်လာပို တောင်ရွာ၊ မြောက်ရွာနဲ့ သပြောတောရွာအပါအဝင် နွားခြံကုန်း စတဲ့ ကနီနယ်ရှိ ကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို သိရပါတယ်။








