ဧပြီလ (၈)ရက်။
မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် စီမံတဲ့အတိုင်း ဝန်ကြီးဌာနတွေကို အတည်ပြုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မင်းအောင်လှိုင် စီမံထားတဲ့ ဝန်ကြီးဌာနတွေထဲမှာ ဟိုတယ်/ခရီးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဆိုပြီး ပေါင်းစပ်ဖွဲ့စည်းထားတဲ့အပေါ် သီးခြားစီ ဖွဲ့စည်းဖို့ ကိုယ်စားလှယ်အချို့က ပြောဆိုခဲ့ပါတယ်။
နောက်ပြီး တောင်သူလယ်သမားရေးရာဝန်ကြီးဌာနနဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနတို့ကို တိုးချဲ့ဖွဲ့စည်းဖို့ ကြံ့ခိုင်ရေးပါတီက နန္ဒာလှမြင့်အပါအဝင် ကိုယ်စားလှယ်အချို့က အကြံပြုတာတွေ ရှိခဲ့ပါတယ်။
ဒီလို မင်းအောင်လှိုင် စီမံတဲ့ ဝန်ကြီးဌာနတွေကို ပြင်ဆင်ဖို့ ကိုယ်စားလှယ်တွေရဲ့ ပြောဆိုဆွေးနွေးတာတွေကို ပြည်ထောင်စုလွှတ်တော် နာယက အောင်လင်းဒွေးက ပယ်ချပြီး အတည်ပြုခဲ့တာပါ။
မင်းအောင်လှိုင်ဟာ သူဦးဆောင်မယ့် အမည်ခံအစိုးရအဖွဲ့မှာ ဝန်ကြီးဌာန (၃၁)ခုပါဝင်ပြီး ဝန်ကြီး (၃၀)ဦးရဲ့ နာမည်စာရင်းတွေကိုပါ ပြည်ထောင်စုလွှတ်တော်ကို စာပေးပို့ထားပါတယ်။
အဲ့ဒီဝန်ကြီးနာမည်စာရင်းတွေထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းတာမှာ တဖက်တလမ်းကနေ အားတက်သရော ပါဝင်ခဲ့ပြီး ပြည်သူအပေါ် စစ်ရာဇဝတ်မှု ကျုးလွန်ခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်တွေ အများဆုံးဖြစ်ပါတယ်။
အဲ့ဒီနာမည်စာရင်းတွေနဲ့ပတ်သက်ပြီး ကန့်ကွက်ချင်တဲ့သူရှိရင် ဒီကနေ့ နောက်ဆုံးထားပြီး နာမည်စာရင်းပေးဖို့ အောင်လင်းဒွေးက ကြေညာထားပေမယ့် ဆွေးနွေးအကြံပြုတာတွေ ပယ်ချခံရဖို့ အများဆုံးအခြေအနေလို့ သိရပါတယ်။








