ဧပြီလ (၈)ရက်။
ဧပြီလ (၆)ရက်နေ့က မန္တလေးမှာ ငွေကျပ် (၁၅)ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပြည်ကြီးတံခွန်မြို့မှာ မူးယစ်ဆေးဝါး ရောင်းချနေတယ်လို့ သတင်းရတာကြောင့် ဖမ်းဆီးခဲ့ရာ ဖြန့်ဖြူးရောင်းချသူတွေဖြစ်တဲ့ လင်မယား (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် အမရပူရမြို့ရှိ သူတို့ရဲ့နေအိမ်ကို ရှာဖွေခဲ့ရာ စိတ်ကြွဆေးပြား (၉၉.၂၂)သိန်းပြားနဲ့ ဘိန်းဖြူ (၅.၅)ကီလိုတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တာလို့ ဖော်ပြထားပါတယ်။
ထွက်ဆိုတာတွေမှာ ကွတ်ခိုင်မြို့ကနေ မန္တလေးမြို့ထဲ ပြန်လည်ရောင်းချဖို့ ဖမ်းမိခဲ့တဲ့ လင်မယား (၂)ဦးရဲ့နေအိမ်ကို ပို့ဆောင်ခဲ့ပြီး ပြန်လည်ဖြန့်ဖြူးရောင်းချတာလို့ ရေးသားထားပါတယ်။
အခုလို ဖမ်းမိခဲ့သူတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့ ဆောင်ရွက်မှာဖြစ်ပြီး ဆက်စပ်ပါဝင်သူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ သတင်းတွေရရင် လျှို့ဝှက်စွာ သတင်းပေးဖို့နဲ့ ပါဝင်ဖမ်းဆီးပေးသူတွေကို ဆုငွေချီးမြှင့်မယ်ဆိုပြီးလဲ မက်လုံးပေးထားတယ်လို့ သိရပါတယ်။








