ဧပြီလ (၉)ရက်။
ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင်ရဲ့ ဝန်ကြီးစာရင်းကို အောင်လင်းဒွေးက အတည်ပြုကြေညာခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မင်းအောင်လှိုင်ဟာ သူဖွဲ့စည်းတဲ့ ဝန်ကြီးဌာန (၃၁)ခုမှာ ဝန်ကြီး (၃၀)ဦးကို ခန့်အပ်ဖို့ လွှတ်တော်ကို နာမည်စာရင်းပေးပို့ခဲ့ရာ ကန့်ကွက်သူမရှိဘဲ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီခန့်အပ်ခံရသူတွေဟာ ခင်မောင်ရီ၊ အောင်ကျော်ဟိုး၊ တင်အောင်စန်း၊ မြထွန်းဦး၊ ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ဒုဗိုလ်ချုပ်ကြီး ညွှန့်ဝင်းဆွေ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဒုဗိုလ်ချုပ်ကြီး ဘုန်းမြတ်၊ သန်းမောင်၊ သီတာဦး၊ ချောချောစိန်၊ မျိုးသိန်းကျော်၊ သက်ခိုင်ဝင်း၊ သက်သက်ဇင်၊ ထိန်ဝင်း၊ တင်ဦးလွင်၊ မင်းနောင်၊ မျိုးဇော်သိန်း၊ ဆန်းဦး၊ ကိုကိုလွင်၊ ချာလီသန်း၊ မြင့်ကြိုင်၊ ခင်မောင်စိုး၊ ထွန်းအုံ၊ ရဲမြင့်ထွန်း၊ မောင်သင်း၊ မျိုးသန့်၊ စိုးဝင်းနဲ့ ဦးမောင်မြင့်တို့ဖြစ်ပါတယ်။
နောက်ပြီး လွှတ်တော်မှာ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေနဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေ၊ အဂတိကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို မင်းအောင်လှိုင် စီမံတဲ့အတိုင်း သဘောတူတယ်ဆိုပြီး ကြေညာခဲ့ပါတယ်။
ဒါ့အပြင် စာရင်းစစ်ချုပ်၊ ရှေ့နေချုပ်နဲ့ တရားသူကြီးချုပ်တွေ ခန့်အပ်တာမှာလဲ ကန့်ကွက်သူမရှိတာကြောင့် လွှတ်တော်က သဘောတူတယ်ဆိုကာ ကြေညာခဲ့တာပါ။
မင်းအောင်လှိုင်ဟာ ဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်တဲ့ သန်းသန်းဆွေကို ရာထူးကနေ ဖယ်ရှားပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်ရဲ့ အငြိမ်းစား ပါမောက္ခချုပ် ခင်နိုင်ဦးကို အစားထိုး ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။








