မတ်လ (၁၀)ရက်။
ညောင်လေးပင်မှာ စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ အခု ညောင်လေးပင်လူသတ်မှုဟာ စစ်ကောင်စီအတွက်တော့ ပထမဆုံး မဟုတ်ပါဘူး။ စစ်ကောင်စီဟာ အာဏာမသိမ်းခင်ကာလများတည်းက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် ဗမာပြည်နှံ့အပြားမှာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်” လို့ ဆိုပါတယ်။
ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်တာတွေကြောင့် ပြည်သူ (၄၀)ကျော် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပြီး (၁၆၀)နီးပါး အကြောင်းမဲ့ ဖမ်းဆီးခံထားရပါတယ်။
နောက်ပြီး ညောင်လေးပင်မြို့နယ်ရှိ ကျေးရွာစုတွေကို တပ်မ (၇၇) ဦးဆောင်ပြီး အင်အားအများအပြားပါဝင်တဲ့ စစ်ကြောင်း (၄)ကြောင်း ဝင်ရောက်စီးနင်းခဲ့ကာ အပြစ်မဲ့ပြည်သူ ရာနဲ့ချီဟာ ဓားစာခံအအနေနဲ့ ဖမ်းဆီးထားခဲ့ပြီး ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း လူထုရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အရှိန်မြင့်တက်လာခဲ့တဲ့အတွက် စစ်ကောင်စီအတွက် ဘေးကျပ်နံကျပ်၊ အခက်တွေ့ရတဲ့ အခြေအနေကို ဆိုက်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် စစ်ရေးအရ အရေးမသာတဲ့အခါမှာ စစ်ကောင်စီဟာ လူထုကို အကြမ်းဖက်တိုက်ခိုက်တာ၊ ကျေးရွာတွေ၊ စိုက်ခင်းတွေကို မီးရှို့ဖျက်ဆီးတာတွေအပြင် မရေတွက်နိုင်လောက်တဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲဖြစ်တယ်လို့ ရေးသားထားပါတယ်။
အခုအခါ ဗမာပြည်ရဲ့ မြို့ပြတွေရော၊ ကျေးလက်ဒေသတွေမှာပါ လူထုက စစ်ကောင်စီရဲ့ ဖိနှိပ်အုပ်ချုပ်တာကို ခံနေရသလို ကုန်စျေးနှုန်းက အဘက်ဘက်က ကြီးမားလာတဲ့အပြင် လွတ်လပ်မှု၊ လုံခြုံမှုမရှိတဲ့ အခြေအနေတွေမှာ အသက်ဘေးနဲ့ ဝမ်းရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေကြရတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီအကျပ်အတည်း၊ အခက်အခဲတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသေးသမျှ လူထုအနေနဲ့ ကြုံတွေ့ဖြတ်သန်းနေကြရဦးမှာ ဖြစ်တဲ့အတွက် စစ်(၃)စစ်ကို အမြစ်ဖြတ်နိုင်ဖို့ ဆင်နွှဲနေကြတဲ့ ပြည်သူ့ဒီမိုကရေစီခရီးကြမ်းမှာ အားလုံးပါဝင် တိုက်ပွဲဆင်နွှဲရင်း ဖက်ဆစ်စစ်တပ်ကို အမြစ်ပြတ်တဲ့အထိ တိုက်ဖျက်သွားဖို့ ဗကသများအဖွဲ့ချုပ်က တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်။








