မတ်လ (၁၀)ရက်။
အခုရက်ပိုင်းထဲ ထီးချိုင့်မြို့ရှိ ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာတွေနဲ့ (၁၀)ကြိမ်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Tigyaing Revolution ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်တပ်ဟာ မတ်လ (၈)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က အလယ်တောရွာ တိုက်နယ်ဆေးရုံအနီးကို ဟုမ္မလင်းတပ်ကနေ ဂျက်ဖိုက်တာနဲ့ (၂)ကြိမ် ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ ပြည်သူ (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့သလို မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီ (၁၄)မိနစ်အချိန်မှာ တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့ အောင်သာကုန်းရွာအနီး ဗုံးကြဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး အဲ့ဒီတရက်ထဲ ညနေ (၄)နာရီခွဲအချိန်မှာ စပ်စားရွာနဲ့ နီတာရွာအနီးကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၄)ကြိမ် ထပ်မံကြဲချခဲ့ရာ ပြည်သူ (၅)ဦးခန့် ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီကနေ့ နေ့လယ် (၁)နာရီအချိန်က ဇီးကုန်းရွာကို ဂျက်ဖိုက်တာ (၁)စီးနဲ့ ဗုံး (၂)ကြိမ် ကြဲချခဲ့ရာ ပြည်သူ (၈)ဦးခန့် သေဆုံးခဲ့ပြီး (၁၈)ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ထီးချိုင့်မြို့ကို လေကြောင်းကနေ တိုက်ခိုက်တာ အများအပြားရှိနေပြီး အသေးစိတ်အချက်အလက်ကိုတော့ သက်ဆိုင်ရာတပ်ဖွဲ့တွေဘက်က ထုတ်ပြန်တာမရှိသေးဘူးလို့ သိရပါတယ်။








