ဧပြီလ (၁၀)ရက်။
မင်းအောင်လှိုင်ရဲ့ အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌအနေနဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းကို နေရာပေးခန့်အပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မင်းအောင်လှိုင်ဖွဲ့စည်းတဲ့ အတိုင်ပင်ခံကောင်စီကို ဥက္ကဋ္ဌ စိုးဝင်းအပါအဝင် (၁၁)ဦးနဲ့ ဖွဲ့စည်းခဲ့ကာ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ကိုကိုလှိုင်၊ သန်းဆွေ၊ မန်းငြိမ်းမောင်၊ ရင်ရင်နွယ်၊ ဒွဲဘူနဲ့ ဇော်အေးမောင်တို့ ပါဝင်ပါတယ်။
ကောင်စီကို လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စတွေ၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနဲ့ ဥပဒေပြဋ္ဌာန်းဖို့တို့မှာ အကြံပေး၊ ညှိနှိုင်းဆောင်ရွက်တာတွေ ပြုလုပ်နိုင်ဖို့လို့ ဆိုပါတယ်။
ဒီလို ဒုစစ်ခေါင်းဆောင် စိုးဝင်း ဦးဆောင်တဲ့ အတိုင်ပင်ခံကောင်စီကို ကောင်စီဥပဒေပုဒ်မ (၄)၊ ပုဒ်မ (၅)နဲ့ ပုဒ်မ (၆)တို့နဲ့ ဖွဲ့စည်းတာလို့ ထုတ်ပြန်ထားပါတယ်။
မင်းအောင်လှိုင်ဟာ တပ်ချုပ်ရာထူးကို စိုးဝင်းကိုကျော်ပြီး ရဲဝင်းဦးကို ခန့်အပ်ခဲ့သလို ဒုတပ်ချုပ်ရာထူးကပါ အနားပေးခံရတာကြောင့် နေရာပျောက်ခဲ့ရာက အခု အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌအနေနဲ့ နှစ်သိမ့်ခံရတာပါ။
ဒါ့အပြင် ဒီကနေ့ သမ္မတအနေနဲ့ ကျမ်းကျိန်တဲ့ မင်းအောင်လှိုင်ဟာ သူကိုယ်တိုင် ဦးဆောင်တဲ့ ကာ/လုံကိုလဲ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး စိုးဝင်းကိုတော့ ဖယ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။








