မတ်လ (၁၃)ရက်။
ဒီကနေ့ နံနက် (၆)နာရီအချိန်က မြိတ်-ထားဝယ်ခရိုင် ထီးမိုပွာဒေသရှိ KNLA ရဲ့ ဘောတီနယ်စပ်ဂိတ်ကို KTLA က မီးရျို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ KNLA တပ်မဟာ(၄) ထီးမိုပွာဒေသက နယ်စပ်လုံခြုံရေးဂိတ်ကို ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ KTLA အဖွဲ့က ဝင်ရောက်ပစ်ခတ် မီးရှို့ဖျက်ဆီးခဲ့တာ” လို့ ဆိုပါတယ်။
ဗိုလ်စောအယ်ခွီး(ခ)ကောလားဖိုး ဦးဆောင်တဲ့ KTLA အဖွဲ့ဟာ KNLA တပ်မဟာ(၄) ထီးမိုပွာဒေသရှိ ဘောတီ-အမိုးနယ်စပ် လုံခြုံရေးဂိတ်ကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာလို့ ဖော်ပြထားပါတယ်။
လုံခြုံရေးဂိတ် ဖျက်ဆီးခံရတာနဲ့ပတ်သက်ပြီး KNU က သတင်းဓါတ်ပုံနဲ့အတူ ထုတ်ပြန်ထားတာ ထိခိုက်ပျက်စီးတဲ့ အခြေအနေ အသေးစိတ်ကိုတော့ ပြောဆိုထားတာမရှိပါဘူး။
ပြီးခဲ့တဲ့ မတ်လ (၁၀)ရက်နေ့ကလဲ ကစယ်ဒိုနယ်မြေရှိ ဖိုးလမိုင်းနေရာမှာ KTLA တပ်ဖွဲ့ဝင်တွေ ထောင်ထားတဲ့မိုင်း နင်းမိပြီး ဒေသခံတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
အဲ့ဒီ KTLA တပ်ဖွဲ့ဝင်တွေဟာ သူတို့စတင်ဖွဲ့စည်းတဲ့အချိန်ကစပြီး ကရင်လူထုရဲ့ အကျိုးကို လုပ်ဆောင်ဖို့ ပျက်ကွက်တာအပြင် KNU ကို ရန်သူလို သဘောထားပြီး စစ်အာဏာရှင်အလိုကျ ပြန်လည်တိုက်ခိုက်နေတာလို့ သိရပါတယ်။










