မတ်လ (၁၄)ရက်။
ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစခန်းကို မတ်လ (၁၁)ရက်နေ့ နံနက် (၅)နာရီ (၄၅)မိနစ်အချိန်မှာ KNLA ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ခဲ့ရာ (၃)ရက်မြောက်မှာ သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်တပ်ဆီကနေ လက်နက် (၅)လက်နဲ့ ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး KNLA နဲ့ ပူးပေါင်းတပ်တွေဟာ အောက်ပေါင်းရွာရဲစခန်း၊ စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့ထိုင်ထားတဲ့ လေသာတောင်၊ ပုလောမြို့နဲ့ ရဲစခန်းကို ကာရန်ချထားတဲ့ ကင်းစခန်းတို့ကို တိုက်ခိုက်ခဲ့ပါသေးတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်တပ်ဘက်က အရာရှိတဦးအပါအဝင် (၁၅)ဦးခန့် သေဆုံးပြီး (၁၃)ဦးခန့် ဒဏ်ရာရခဲ့သလို KNLA ပူးပေါင်းတပ်က ရဲဘော် (၄)ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲထဲ စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့က ဒရုန်းအကြီး (၂)စီးနဲ့ အောက်ပေါင်းရွာရဲစခန်းကိုလဲ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲမှာ KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့က ဦးဆောင်ပြီး KNLA တပ်ရင်း(၁၂)၊ တပ်ရင်း (၂၇)၊ KNDO တပ်ရင်း(၇) တပ်ခွဲ(၁/၅)နဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(DNLA)တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
KNLA Special Forces အနေနဲ့ တော်လှန်ရေးအောင်မြင်ဖို့ စစ်တပ်ကို အခွင့်အရေးရတာနဲ့ အမြဲ တိုက်ခိုက်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်တပ် တပ်စွဲထားတဲ့ နေရာနဲ့ အနီးမှာ မနေကြဖို့ ထပ်မံအသိပေးထားတယ်လို့ သိရပါတယ်။








