ဖေဖော်ဝါရီလ (၁၇)ရက်။
ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်ကစပြီး ပုလဲနယ်ထဲရှိ BNRA ဂိတ်စခန်းတွေကို MOD တပ်ရင်းတွေ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်နဂါးရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။
“ NUG ရဲ့ MOD တပ်ရင်းတွေဟာ ဒီကနေ့ နံနက် (၇)နာရီခွဲကစပြီး BNRA ဂိတ်စခန်းတွေကို လက်နက်ကြီးပစ်ခတ်တာနဲ့ ဒရုန်းဗုံးသီးတွေနဲ့ပါ လာရောက်တိုက်ခိုက်နေပြီဖြစ်ပါတယ်” လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
အစိုးရအမည်ခံထားတာ၊ စစ်ဒေသ(၁)မှာ KIA က ဦးဆောင်တာကြောင့် ဒီလိုအကျည်းတန်တဲ့ လုပ်ရပ်ကို တော်လှန်ဘက်အချင်းချင်း ပြုလုပ်မှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့နှစ်တွေက ယူဆထားခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အခုအခါ အံ့ဩဖွယ် ဆိုးသွမ်းမှုကို မြင်ရပြီဖြစ်ကာ ပြည်သူတွေအနေနဲ့ လတ်တလောအချိန်မှာ ဘေးလွတ်ရာ စစ်ရေးသတိပြုနေကြဖို့ ဗိုလ်နဂါးက အရေးပေါ် အသိပေးနှိုးဆော်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၂)ရက်နေ့က ယင်းမာပင်ခရိုင် တပ်ရင်း(၄)က ရဲဘော်ကတုံးနဲ့ BNRA ရဲဘော်တို့ ပစ်ခတ်တဲ့ဖြစ်စဉ်မှာ ရဲဘော်ကတုံး ကျဆုံးခဲ့တဲ့အပေါ် နှစ်ဖက်တွေ့ဆုံဖြေရှင်းဖို့ BNRA က အကြောင်းပြန်ထားပါတယ်။
ဒီလို အကြောင်းပြန်ထားပေမယ့် စစ်ကိုင်းတိုင်းကွပ်ကဲရေးအဖွဲ့က တစုံတရာ ထပ်မံပြန်ကြားတာမရှိသလို ယင်းမာပင်ခရိုင်အပါအဝင် ခရိုင်တပ်ရင်းတွေ စုဆောင်းပြီး အင်အားဖြန့်ကျက်နေရာယူတာတွေရှိတယ်လို့ BNRA က ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် ဘယ်လိုအဆင့်အစီအမံဖြစ်စေ အခုလိုအချိန်မျိုးမှာ BNRA ဂိတ်စခန်းတွေအနီး တပ်အင်အားဖြန့်ကျက်တာဟာ ပိုမိုရှုပ်ထွေးတဲ့ အခင်းအကျင်းဖြစ်စေတာကို သတိပြုဖို့ ပြောဆိုထားတယ်လို့လဲ သိရပါတယ်။








