ဖေဖော်ဝါရီလ (၁၇)ရက်။
ရွှေဘိုခရိုင်စစ်ဌာန နယ်မြေထဲက PDF တွေ၊ Local PDF တွေနဲ့ ပကဖတွေ ဖွင့်လှစ်ထားတဲ့ ဂိတ်တွေအားလုံးကို ပိတ်သိမ်းဖို့ ခရိုင်ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနနဲ့ ခရိုင်ပကဖတွေ ပါဝင်တဲ့ ခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ခရိုင်စစ်ဌာနနယ်မြေထဲက PDF တွေ၊ ပကဖတွေနဲ့ Local PDF တွေ လိုက်နာဖို့ ဖေဖော်ဝါရီလ (၁၀)ရက်နေ့ရက်စွဲနဲ့ အမိန်ထုတ်ပြန်ထားတာပါ။
အမိန့်ထုတ်ပြန်ချက်ထဲ အလှူခံဂိတ်၊ မဲရောင်းဂိတ်၊ လမ်းပြုပြင်ရေးရန်ပုံငွေဂိတ်နဲ့ စစ်ဆေးရေးဂိတ် စတဲ့ ဂိတ်တွေအားလုံးကို စနစ်တကျ စိစစ်နိုင်ဖို့ ဒီကနေ့ကစပြီး ပိတ်သိမ်းရမယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး PDF တပ်ရင်းတွေ၊ Local PDF တွေနဲ့ ပကဖတွေအနေနဲ့ တပ်ဖွဲ့အတွက် လက်နက်ခဲယမ်း လိုအပ်တာတွေရှိရင် သက်ဆိုင်ရာ အထက်အဆင့်ဆင့်ကို တင်ပြတောင်းခံဖို့ ညွှန်ကြားထားပါတယ်။
ဒါ့အပြင် ပြည်သူကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ တရားမဝင်ဂိတ်ဖွင့်ပြီး ငွေကောက်ခံတာနဲ့ ရပ်ရွာပြည်သူဆီကနေ ခွဲတမ်းပစ်တာ စတဲ့နည်းလမ်းတွေ အသုံးပြုပြီး လက်နက်ခဲယမ်းအတွက် ရန်ပုံငွေရှာတာတွေ ရှောင်ကြဉ်ကြဖို့ ပါရှိပါတယ်။
အဲ့ဒီအမိန့်ညွှန်ကြားချက်ကို မလိုက်နာရင် ထိရောက်စွာ အရေးယူမယ်လို့လဲ ထည့်သွင်းသတိပေးထားတယ်လို့ သိရပါတယ်။








