ဖေဖော်ဝါရီလ (၁၇)ရက်။
တိုက်ပွဲပြင်းထန်နေတဲ့ ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား(ဖားဆောင်း) ဒီကနေ့ နံနက်ပိုင်းအချိန်က မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
“ သံလွင်တံတား ဖျက်ဆီးခံရတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာတော့ သေချာမသိရဘူး။ အခုဖျက်ဆီးခံရတာက ဖားဆောင်းဘက်အခြမ်းမှာဖြစ်တာ” လို့ ဆိုပါတယ်။
သံလွင်းတံတား(ဖားဆောင်း)ဟာ ဖားဆောင်းမြို့နဲ့ မယ်စဲ့မြို့ကို ဆက်သွယ်ထားတာဖြစ်ပြီး အခု ဖျက်ဆီးခံရတာဟာ စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုတဲ့ ဖားဆောင်းမြို့ဘက်အခြမ်းဖြစ်တယ်လို့ သိရပါတယ်။
အခုလို ပေ (၁၂၀၀)ကျော်အရှည်ရှိတဲ့ သံလွင်တံတား(ဖားဆောင်း) မိုင်းခွဲဖျက်ဆီးခံရတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့တွေဘက်က တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
တော်လှန်ရေးတပ်တွေ နှစ်နဲ့ချီ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဖားဆောင်းမြို့ကို စစ်တပ်က အခုရက်ပိုင်းထဲ ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုကာ သတင်းဓါတ်ပုံတွေနဲ့ ထုတ်ပြန်လာပါတယ်။
ဒါပေမယ့် မြေပြင်မှာတော့ မြို့တခုလုံးကို ထိန်းချုပ်နိုင်တာမဟုတ်ဘဲ မြို့ရဲ့ ဧရိယာအချို့ကိုသာ ထိန်းချုပ်ထားနိုင်တာဖြစ်သလို တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။








