ဖေဖော်ဝါရီလ (၁၇)ရက်။
မနေ့က နံနက် (၆)နာရီအချိန်ခန့်က ထားဝယ်မြို့ မောင်မယ်ရှောင်ရွာရှိ (GTC) စစ်တပ်စခန်းနဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ DNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ခဲ့ရာမှာ အပြန်အလှန်ပစ်ခတ်တာ (၄)နာရီကြာမြင့်ခဲ့ပြီး (GTC)တပ်စခန်းကို ယာယီသိမ်းဆည်းရမိခဲ့သလို ဘုရားမဲစစ်ဆေးရေးဂိတ်ကို ရလုနီးချိန်မှာ စစ်တပ်ဘက်က စစ်ကူစစ်ကြောင်း ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် တော်လှန်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်တပ်ဘက်က ဗိုလ်ကြီး (၁)ဦးအပါအဝင် (၁၉)ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးထဲ စစ်တပ်ဘက်ကနေ Type 81 စက်လက် (၁)လက်၊ G-3 (၁၃)လက်၊ G-4 (၂)လက်၊ AK47 (၁)လက်၊ MA5 (၁)လက်၊ G-3 ကျည်ဘောက် (၇၃)ဘောက်၊ Type 81 ကျည်ဘောင်အဝိုင်း (၁)ဘောက်၊ AK ကျည်ဘောက် (၁)ဘောက်၊ G-3 ကျည် (၃၀၀၀)တောင့်၊ လက်ပစ်ဗုံး (၁၂)လုံး၊ AK ကျည် (၁၀၀)တောင့်၊ စကားပြောစက် (၅)လုံးနဲ့ ဆက်စပ်ပစ္စည်း အမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ခိုက်တာကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(DNLA)ရဲ့ ဒူကရစစ်ကြောင်းနဲ့ DGRF(ထားဝယ်ပကဖ)တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ရေးသားထားပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးတွေကို အရှိန်တိုးမြှင့် ဆောင်ရွက်နေတဲ့ အချိန်ကာလဖြစ်တာကြောင့် စစ်ရေးအထူး သတိပြုသွားလာကြဖို့ အသိပေးထားပါတယ်။
တနင်္သာရီတိုင်းထဲ စစ်တပ်က အချိန်မရွေး လေကြောင်းတိုက်ခိုက်တာတွေ ရှိနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန် ကာကွယ်ရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လိုက်နာကြဖို့လဲ တိုက်တွန်းထားပါတယ်။
တော်လှန်ရေးနဲ့ စစ်ရေးအရှိန် မြင့်လာတာနဲ့အတူ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုတဲ့ စစ်သားတွေနဲ့ ရဲတွေ ပြည်သူ့ရင်ခွင်ခိုလှုံကာ အမြန်ဆုံးပူးပေါင်းဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။








