ဖေဖော်ဝါရီလ (၁၈)ရက်။
မနေ့က ပုလဲနယ်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ရင်းတွေနဲ့ BNRA တို့ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာကို စစ်တပ်က ဗုံးလာကြဲသွားတယ်လို့ ဗိုလ်နဂါးရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။
“ ခရိုင်ရင်းတွေ လာတိုက်သွားတဲ့ ပုပ္ပါးဂိတ်ကိုပဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတာ။ ထိခိုက်သေဆုံးတာကိုတော့ စုံစမ်းနေတုန်းပဲ” လို့ သူက ဆိုပါတယ်။
စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့နေရာမှာ NUG ရဲ့ ခရိုင်တပ်ရင်းတွေ လာရောက်တိုက်ခိုက်ခဲ့တဲ့ BNRA ရဲ့ ပုပ္ပါးဂိတ်ဖြစ်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပြီးနောက် အခုလို လေကြောင်းဗုံးကြဲခံရတာပါ။
အခုလို လေကြောင်းဗုံးကြဲခံရတာနဲ့ပတ်သက်ပြီး ထိခိုက်သေဆုံးတဲ့ အခြေအနေကို စုံစမ်းနေဆဲဖြစ်ကာ အဲ့ဒီဂိတ်ကို မနေ့က နံနက် (၇)နာရီအချိန်မှာ NUG တပ်ရင်းတွေ လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် နှစ်ဖက်တိုက်ပွဲ အခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ သက်ဆိုင်ရာအဖွဲ့တွေဘက်က ထုတ်ပြန်လာတာမရှိသေးပါဘူး။
ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တပ်ရင်းတွေဟာ အခုနှစ်ဆန်းပိုင်းကစပြီး နှစ်ဖက် စစ်ရေးတင်းမာခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားတာဖြစ်တယ်လို့ သိရပါတယ်။








