မတ်လ (၂၃)ရက်။
မတ်လ (၂၁)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်က နေပြည်တော်အဝင်ရှိ စစ်ကောင်စီရဲ့ စုပေါင်းဂိတ်ကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို ဝရဇိန်တပ်ဖွဲရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ရန်ကုန်-မန္တလေးလမ်းမကြီး နေပြည်တော်အဝင်က စကစရဲ့ အဖွဲစုံစစ်ဆင်ရေး စုပေါင်းဂိတ်ကို အသေခံဒရုန်းတွေနဲ့ ဝင်တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်သေဆုံးတာတွေရှိပါတယ်။ စာရင်းကတော့ စုံစမ်းနေပါတယ်” လို ဆိုပါတယ်။
စစ်ကောင်စီရဲ့ စုပေါင်းဂိတ်ကို ဝရဇိန်တပ်ဖွဲက “ Operation Fly Over Urban(Yae Ni)အနေနဲ့ အဆင့်မြင့် Anti-Jamming FPV အသေခံဒရုန်းတွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို ဖော်ပြထားပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ခံရတာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား (၇)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးတဲ့စာရင်းကိုတော့ ဆက်လက်စုံစမ်းနေတယ်လို ရေးသားထားပါတယ်။
စစ်ဆင်ရေးဆောင်ရွက်ခဲ့တာမှာ အကြမ်းဖက်စစ်ကောင်စီဘက်က Jammer တွေ၊ Spoofer တွေအပြင် လက်နက်ငယ်တွေနဲ့ပါ တန်ပြန်ပစ်ခတ်ခဲ့ပေမယ့် အသေခံ ဒရုန်းတွေဟာ ပစ်မှတ်တည်နေရာတွေကို တိတိကျကျ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို ဆိုပါတယ်။
စစ်ကောင်စီရဲ့ အဖွဲစုံစုပေါင်းဂိတ်ဟာ ပြည်သူတွေအပေါ် ငွေကြေးအတင်းအဓမ္မကောက်ခံတာ၊ ကုန်စည်စီးဆင်းမှုတွေအပေါ် ဥပဒေမဲ့ ဟန့်တားနှောင့်ယှက်တားဆီးတာတွေကို ဆိုးရွားစွာပြုလုပ်နေတဲ့ ဂိတ်တစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် တိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်တပ်က အထိနာပြီး မြေပြင်ထိုးစစ်ဆင်တာတွေ တန်ပြန်ပြုလုပ်နေတာကြောင့် စစ်ဆင်ရေးဆောင်ရွက်ခဲ့တဲ့ ရဲဘော်တွေ ဘေးလွတ်ကင်းတဲ့အထိ စောင့်ဆိုင်းပြီးမှသာ သတင်းထုတ်ပြန်ရတာဖြစ်တယ်လို အသိပေးထားပါတယ်။
စစ်ဆင်ရေးကို ဝရဇိန်တပ်ဖွဲနဲ့အတူ ဇာမဏီတပ်ဖွဲတိုပူးပေါင်းဆောင်ရွက်ခဲ့ပြီး မြေပြင်ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီဖြစ်တယ်လို သိရပါတယ်။








