ကပစ(၁၆)အနီး စစ်ဆင်ရေးတွေမှာ AA နဲ့အတူ ပါဝင်တိုက်ခိုက်နေတယ်လို့ဆို
မတ်လ (၂၆)ရက်။
ဖေဖော်ဝါရီလ (၆)ရက်နေ့က အညာစစ်ဒေသက ရဲဘော်တွေအတွက် ဂုဏ်ပြုပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အညာစစ်ဒေသက ရဲဘော်တွေဟာ ပဲခူးအနောက်ခြမ်း ပြည်ခရိုင်ထဲရှိ ပန်းတောင်းနယ်မြေစစ်ဆင်ရေးနဲ့ ကပစ(၁၆)အနီး တိုက်ပွဲတွေထဲ AA နဲ့အတူ တိုက်ပွဲဝင်ခဲ့ကြတာလို့ ဆိုပါတယ်။
အခမ်းအနားထဲ BPLA၊ အညာစစ်ဒေသ၊ အမှတ်(၃၀၈)ဗျူဟာက တိုက်ခိုက်ရေး၊ အုပ်ချုပ်ရေးနဲ့ အမိန့်နာခံမှု ကောင်းမွန်တဲ့ရဲဘော်တွေကို ထူးချွန်ဆုပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့တဲ့ ရဲဘော်တွေကို သူရဲကောင်းဆုပေးတာနဲ့ ကျဆုံးသွားခဲ့ရတဲ့ ရဲဘော်တွေကို အာဇာနည်သူရဲကောင်းတွေအနေနဲ့ မှတ်တမ်းတင်ကာ သက်ဆိုင်ရာမိသားစုဝင်တွေဆီ ဂုဏ်ပြုမှတ်တမ်းနဲ့ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
အခုအခါ အာရက္ခတပ်တော်(AA)နဲ့အတူ ပြုလုပ်နေတဲ့ ကပစ(၁၆)အနီး စစ်ဆင်ရေးတွေမှာ BPLA ရဲ့မြေလတ်စစ်ဒေသ၊ အမှတ်(၂၀၃)ဗျူဟာက ဆက်လက်ပါဝင်တိုက်ခိုက်နေတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲ ပွိုင့် (၆၆၆)စခန်းကုန်းကို ထပ်မံသိမ်းပိုက်ရာမှာ ပါဝင်ခဲ့တယ်လို့လဲ BPLA က ထုတ်ပြန်ထားပါတယ်။
BPLA အနေနဲ့ တောင်ပိုင်းစစ်ဒေသ၊ မြေလတ်စစ်ဒေသနဲ့ အညာစစ်ဒေသဆိုပြီး စစ်ဒေသ(၃)ခု ဖွဲ့စည်းတည်ဆောက်ထားကာ မဟာမိတ်တပ်တွေနဲ့အတူ ဖက်ဆစ်စစ်တပ်ကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။









