မတ်လ (၂၆)ရက်။
ထောင်တွေကနေ မတရားဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို စစ်ကောင်စီက ပြည်ပထွက်ခွာခွင့် ကန့်သတ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသူတွေဟာ ဖမ်းဆီးခံထားရချိန် မှတ်ပုံတင်ကဒ်တွေ သိမ်းဆည်းခံရသလို ပြန်လွတ်လာတဲ့အချိန်မှာ ပြန်မပေးသလို အသစ်လျှောက်ရာမှာလဲ အခက်အခဲတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
နောက်ပြီး နိုင်ငံကူးလက်မှတ် ပြုလုပ်တာနဲ့ အသုံးပြုတာတွေမှာ ပြည်ပထွက်ခွာခွင့် ကန့်သတ်တာတွေကို စစ်ကောင်စီက ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေဟာ PSMS စနစ်နဲ့ ဆက်လက် စောင့်ကြည့်တာ၊ စစ်ဆေးတာတွေ ခံနေရပြီး အရင်စွပ်စွဲချက်တွေနဲ့ ဆက်စပ်တဲ့ ပုဒ်မတွေကို မဖျက်သိမ်းသေးဘူးလို့ ရေးသားထားပါတယ်။
အခုလိုအခြေအနေတွေမှာ နိုင်ငံရေးအကျဉ်းသူတွေဟာ လူမှုဘဝ ပြန်လည်ရပ်တည်ဖို့၊ လွတ်လပ်စွာ သွားလာနိုင်ဖို့နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေမှာ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ကြောင့် ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေအနေနဲ့ ပြည်တွင်းပြည်ပ သွားလာတဲ့အခါ ကိုယ်ရေးအချက်အလက်တွေ အသုံးပြုတဲ့အခါ လုံခြုံရေးဆိုင်ရာ အန္တရာယ်တွေကို ရှောင်ရှားနိုင်အောင် သတိထားကြဖို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က အသိပေးထားတယ်လို့ သိရပါတယ်။








