နှစ်ဖက်အပြန်အလှန် အသိအမှတ်ပြုနိုင်ဖို့ သဘောတူခဲ့တယ်လို့ဆို
ဖေဖော်ဝါရီလ (၂၈)ရက်။
မနေ့က နေ့လယ် (၂)နာရီအချိန်က နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဦးဆောင်ကော်မတီနဲ့ NUG တို့ Zoom Platform ကတဆင့် ဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
တွေ့ဆုံပွဲမှာ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဝန်ကြီးဌာနရဲ့ ဒေသအခြေပြု ကာကွယ်ရေးတပ်ဖွဲ့တွေဆိုင်ရာ မူဝါဒတွေကို ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီမူဝါဒအပေါ် အပြန်အလှန်ဆွေးနွေးပြီး စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာကိစ္စတွေ၊ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာတွေကို ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“ SRA ကိစ္စတွေအပြင် SRA ထဲ မပါဝင်ကြသေးတဲ့တပ်ဖွဲ့တွေရဲ့ အရေးကိစ္စတွေကိုပါ သေချာဆွေးနွေးဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် NUG လက်အောက်ခံမဟုတ်တဲ့တပ်တွေအပေါ် NUG ရဲ့သဘောထားကို မေးမြန်းအတည်ပြုနိုင်ခဲ့ပါတယ်” လို့ BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခက ပြောပါတယ်။
နောက်ပြီး NUG နဲ့ SRA အကြား အပြန်အလှန်အသိအမှတ်ပြုနိုင်ကြဖို့၊ ကျေလည်တဲ့ ညီညွတ်ရေးကို အတူတကွတည်ဆောက်နိုင်ကြဖို့နဲ့ မိတ်ဖက်ပဋိပက္ခတွေကို ညှိနှိုင်းဆွေးနွေးတဲ့နည်းနဲ့သာ ဖြေရှင်းနိုင်ကြဖို့ကို သဘောတူညီခဲ့ကြတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပါတယ်။
အစည်းအဝေးကို NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ စီမံ/ဘဏ္ဍာနဲ့ ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)က ခေါင်းဆောင်တွေ စုံလင်စွာ တက်ရောက်ခဲ့တယ်လို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








