မူဆယ်မြို့တိုက်ပွဲအတွင်း မြို့မပြည်သူ့စစ်က ဖမ်းဆီးသွားတဲ့ ဒေသခံ (၄)ဦးအနက် တစ်ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)ရဲ့ ဒီကနေ့ ဩဂုတ်လ (၁၄)ရက်မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်တပ်နဲ့ TNLA တို့ဖြစ်ပွားတဲ့ မူဆယ်တိုက်ပွဲအတွင်း မြို့မပြည်သူ့စစ်က နမ့်ကတ်အုပ်စု မိုင်းဆက်ရွာက ဦးအိုက်မြင့်(၃၆)နှစ်အပါအဝင် မန်ကန်ရွာက လုမ်မြတ်အောင်(၂၂)နှစ်၊ ရီအောင်ဝင်း(၂၄)နှစ်နဲ့ အိုက်မောင်ဦး(၁၇)နှစ်တို့ကို ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဒေသခံ (၄)ဦးရဲ့ မျက်နှာကို အဝတ်နဲ့စွပ်ထားပြီး အစာမကျွေးဘဲ (၂)ရက်တိုင်တိုင် ရိုက်နှက်ထိုးကြိတ်ခဲ့ကာ မန်ကန်ရွာခံ ရီအောင်ဝင်း အသက်(၂၄)နှစ်ဆိုသူသည် အစာအငတ်ထားခြင်းနဲ့ ရိုက်နှက်နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သေဆုံးသွားတဲ့ ဒေသခံရဲ့ ရုပ်အလောင်းကို မည်သို့ပြုလုပ်လိုက်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ပြောဆိုထားပြီး ပြန်လွှတ်ပေးတဲ့ ဒေသခံ (၃)ဦးကိုလည်း မျက်နှာအား အဝတ်နဲ့စည်းကာ မန်မိုင်ရွာအနီးက အမှိုက်ပုံမှာ စွန့်ပစ်ခဲ့တယ်လို့ ဆိုထားပါတယ်။
အဲ့ဒီဒေသခံ (၄)ဦးကို မြို့မပြည်သူ့စစ်အဖွဲ့က ဆိုင်ခေါင်ရွာမှာ TNLA တပ်သားတွေလို့ စွပ်စွဲပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်သလို ပြန်လွှတ်ပေးတဲ့ (၃)ဦးမှာလည်း ပြင်းထန်ဒဏ်ရာတွေ ရရှိထားတယ်လို့ သိရပါတယ်။
စစ်တပ်ဟာ တိုက်ပွဲဖြစ်တဲ့နေရာတွေအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေက ဒေသခံတွေကို အတင်းအဓမ္မဖမ်းဆီးတာ၊ နှိပ်စက်သတ်ဖြတ်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေ ကျူးလွန်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားချက်အရ သိရပါတယ်။
#Era’sEye \News