စစ်ကောင်စီထံ ဘဏ္ဍာရေးစီးဆင်းမှုတွေကို တားဆီးပိတ်ပင်နိုင်ရေးလုပ်ငန်းစဉ်တွေကို NUG ရဲ့ ကြားကာလဗဟိုဘဏ်က ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
NUG ကြားကာလဗဟိုဘဏ်ရဲ့ အစည်းအဝေးကို စက်တင်ဘာလ (၄)ရက်နေ့က ကျင်းပခဲ့ပြီး ကြားကာလဗဟိုဘဏ်ရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေနဲ့ ရုံးအဖွဲ့မှူးတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အစည်းအဝေးမှာ စစ်ကောင်စီက ပြည်သူတွေအပေါ် ပြုကျင့်နေတဲ့ ရက်စက်အကြမ်းဖက်မှုတွေ ရပ်တန့်စေနိုင်ဖို့ ဘဏ္ဍာရေးစီးဆင်းမှုတွေကို တားဆီးပိတ်ပင်နိုင်ရေးအတွက် လတ်တလောနဲ့ ရေရှည်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အထောက်အပံ့ပြုလုပ်နေတဲ့ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားအရေးယူဆောင်ရွက်ဖို့ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံတကာအစိုးရတွေ၊ သက်ဆိုင်ရာငွေရေးကြေးရေး အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ထိထိရောက်ရောက်ချိတ်ဆက်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာအအရင်းအမြစ်တွေကို ဟန့်တားပိတ်ဆို့နိုင်ဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။