တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ် ဒုတပ်ကြပ်တစ်ဦးကို သွားလိုတဲ့နေရာကို ပို့ဆောင်ပေးလိုက်ကြောင်း မြို့လှK-PDFက ဒီနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာက စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ အထိုင်ချစခန်းကို စက်တင်ဘာလ (၁) ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီ ဒုတပ်ကြပ်တစ်ဦးက လက်နက်ချ အညံ့ခံခဲ့တာ ဖြစ်ပါတယ်။
ဒုတပ်ကြပ်အဆင့်ရှိ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ မကွေးတိုင်းမှာ တာဝန်ကျခဲ့စဉ်ကလည်း ခလရ (၇၇) တပ်ရင်းကနေ ထွက်ပြေးခဲ့ဖူးပြီး ပြန်လည်အဖမ်းခံခဲ့ရတာကြောင့် ချုပ်ရက် သုံးလကျခံခဲ့ရဖူးတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ (၁) ရက်နေ့က တိုက်ပွဲမှာ ကျောက်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ တပ်မ (၈၈) လက်အောက်ခံ တပ် ခလရ (၇၇)ကို မြို့လှ K-PDF တပ်ရင်း (၁)က တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ခြောက်ဦးဒါဏ်ရာရကာ လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ မြို့လှ PDF က အသိပေးထားပါတယ်။