၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။
မြောက်ပိုင်းညီနောင်အဖွဲ့မှ (၁၀၂၇) စစ်ဆင်ရေး အချိန်ကာလတလျှောက်တွင် စစ်ကောင်စီရဲ့ တပ်စခန်းတွေအပြင် ကွမ်းလုံတံတားနဲ့ တာပါးတံတား (သံလွင်တံတား) ကိုလည်း သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ ၊ မန်လော်အုပ်စု ၊ ရန်ခန့်ရွာနေရာမှာ တည်ဆောက်ထားတဲ့ တာပါးတံတား (သံလွင်တံတား) ဟာ သံလွင်မြစ်ရဲ့ ကမ်းနှစ်ဖက်ကိုဆက်သွယ်ထားပြီး ကိုးကန့်နဲ့ မုံးကိုးခရိုင်၊ မိုင်ကျက်ဒေသကို ဆက်သွယ်ထားသောအဓိက လမ်းကြောင်းလည်းဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီတံတားဟာ အရှည် ၁၀၀ မီတာရှိပြီး သံမဏိကြိုးနဲ့ သွယ်ထားတယ်လို့ ဆိုပါတယ်။ ဒီတံတားဟာ ၂၀၀၅ ခုနှစ်၊ မေလပိုင်းမှာ ဆောက်လုပ်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတံတားကို စစ်အစိုးရခေတ်က ဆောက်လုပ်ခဲ့ပြီး စစ်ကောင်စီဘက်က တောက်လျှောက် ထိန်းချုပ်ထားခဲ့ပါတယ်။
နိုဝင်ဘာလ ၆ ရက်နေ့မှာ ကိုးကန့် (MNDAA) တပ်ဟာ မန်လော်ဒေသရှိ စစ်ကောင်စီတပ်စခန်းကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနေ့ ညနေ (၄) နာရီမှာ ကိုးကန့် (MNDAA) တပ်ဖွဲ့တခုက တာပါးတံတား (သံလွင်တံတား) မှာ အခြေချနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ကာ နောက်တနေ့ မနက် (၄) နာရီမှာ ခြေလျင်တပ်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး မနက် (၉) နာရီ ၃၀ မိနစ်မှာတော့ အဲ့တံတားကို အပြီးသိမ်းပိုက်လိုက်နိုင်တယ်လို့ ဆိုပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီဘက်မှ (၂) ယောက်သေဆုံးပြီး (၁) ယောက်ကိုဖမ်းဆီးရရှိခဲ့ပြီး ကျန်အဖွဲ့ဝင်တွေက ရန်ခန့်ဒေသဘက်ကို ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ တာပါးတံတား (သံလွင်တံတား) ကနေ ရန်ခန့်ရွာနေရာအထိ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ အပြီး ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၀ နာရီလောက်က စတင်ပြီး ကိုးကန့် (MNDAA) တပ်ဖွဲ့က ရန်ခန့်ရွာရဲ့ အရှေ့ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။