၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ ခေတ်မျက်လုံး။
Non-CDM ဝန်ထမ်းတွေ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်သို့ အလင်းဝင်ကြဖို့ NUG ပြည်ထဲရေးဝန်ကြီးက နောက်ဆုံးအခွင့်အရေးအနေနဲ့ မနေ့က အမိန့်ကြေငြာစာထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
အခုအချိန်မှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ နိုင်ငံအနှံ့အပြား စစ်ရေးလှုပ်ရှားတာတွေကို အရှိန်အဟုန်မြင့်မားစွာနဲ့ လူထုတော်လှန်ရေးလှိုင်း တစ်လှိုင်းပြီးတစ်လှိုင်း လှုပ်ရှားနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီစစ်ရေးလှုပ်ရှားတာတွေထဲမှာ သိမ်းယူစိုးမိုးရရှိထားတဲ့ စစ်ကိုင်းတိုင်းထဲက ရဲတပ်ဖွဲ့နဲ့ ထွေ/အုပ်အပါအဝင် ဌာနဆိုင်ရာတွေက Non-CDM ဝန်ထမ်းတွေအနေနဲ့ စာရွက်စာတမ်းတွေကို သက်ဆိုင်ရာမြို့နယ်ပအဖထံ စနစ်တကျ အပ်နှံပြီး အလင်းဝင်ရောက်ဖို့ အကြောင်းကြားထားတာပါ။
Non-CDM ဝန်ထမ်းတွေအနေနဲ့ NUG က ပေးအပ်တဲ့ နောက်ဆုံးသော အခွင့်အရေးအနေနဲ့ ပြည်သူ့ဘက်က ရပ်တည်ကြဖို့ NUG ပြည်ထဲရေးဝန်ကြီးက ပြောဆိုထားပါတယ်။
လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေတွေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်တာကို မလွဲမသွေ ခံယူရမှာဖြစ်တယ်လို့ ဝန်ကြီး ဦးလွင်ကိုလတ်ရဲ့ လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။