မေလ (၁၇)ရက်။
၂၀၂၂ခုနှစ် ဧပြီလကစပြီး ၂၀၂၄ခုနှစ် ဧပြီလအထိ တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ သတ်ဖြတ်တာကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား (၅၅၄)ဦးရှိတယ်လို့ FE5 Tanintharyi ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒီလိုသတ်ဖြတ်ခံရသူတွေထဲ စစ်ကောင်စီတပ်ရဲ့ အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်တာကြောင့် သေဆုံးတာ (၃၆)ရာခိုင်နှုန်းနဲ့ PDF ကြောင့် သေဆုံးတာ (၄၁)ရာခိုင်နှုန်းရှိပြီး လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံရတာ (၂၃)ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။
အခု ဧပြီလထဲမှာ အရပ်သားသတ်ဖြတ်ခံရတာဟာ လျော့နည်းသွားတာမရှိဘဲ အကြောင်းအမျိုးမျိုးကြောင့် သတ်ဖြတ်ခံရတဲ့ အရပ်သား (၁၃)ဦးအထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီလိုသတ်ဖြတ်ခံရတာတွေမှာ ကာလအတန်ကြာ မရှိသလောက်ဖြစ်ခဲ့တဲ့ တော်လှန်ရေးတပ်တွေရဲ့ ဒလန်ရှင်းလင်းရေးကြောင့် အသတ်ခံရတာတွေ ပြန်ဖြစ်လာပြီး ဧပြီလက (၃)ဦးအထိရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် ဧပြီလထဲက ဒလန်ရှင်းရေးအနေနဲ့ လောင်းလုံမြို့နယ်-PDF က ဦးကြည်လေးကို မှားယွင်းသတ်ဖြတ်ခဲ့တဲ့အပေါ် ဖြေရှင်းပေးဖို့ကိုလဲ ဒေသတွင်းအင်အားစု (၁၃)ဖွဲ့က NUG ထံ တောင်းဆိုတာတွေရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေကလဲ အရပ်သားသတ်ဖြတ်တာတွေ ရှိခဲ့ကာ လက်နက်ကြီးအပါအဝင် စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိတာနဲ့ သတ်ဖြတ်ခံရတာတွေကြောင့် (၅)ဦးသေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီလိုပဋိပက္ခတွေထဲ အရပ်သားတွေကို တရားမဲ့သတ်ဖြတ်တာတွေဟာ ကျဆင်းသွားတာမရှိဘဲ ဆက်လက်ဖြစ်ပေါ်နေသေးကာ ဘယ်အဖွဲ့က သတ်တယ်ဆိုပြီး ဝန်ခံတာမရှိဘဲ လက်သည်မပေါ်တဲ့ အသတ်ခံရတာတွေလဲ ရှိခဲ့တယ်လို့ သိရပါတယ်။