စက်တင်ဘာလ (၂၀)ရက်။
စက်တင်ဘာလ (၁၃)ရက်နေ့ ည (၈)နာရီက ကြို့ပင်ကောက်မြို့ရှိ အလယ်ကုန်းရဲစခန်းအနီးက စစ်ကောင်စီရဲနဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Black Dragon GBK-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အလယ်ကုန်းရဲစခန်းအနီး တံတားထိပ်က သင်္ချိုင်းကုန်းမှာ ကင်းပုန်းဝပ်နေတဲ့ အင်အား (၂၀)ခန့်ရှိ စစ်ကောင်စီရဲနဲ့ ပျူစောထီးတွေကို သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၆) Black Dragon GBK-PDF က သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ခဲ့တာမှာ မိနစ်(၂၀)ခန့်ကြာ အပြန်အလှန်ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ကာ စစ်ကောင်စီရဲ (၂)ဦးနဲ့ ပျူစောထီး (၄)ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စက်တင်ဘာလ (၁၄)ရက်နေ့ ညနေ (၄)နာရီကလဲ ကုန်းရွာကနေ စစ်တပ်သတင်းပေး သန့်ဇင်အောင်ဟာ ပဲခူးရိုးမအစပ်ရှိ အင်းရွာလေးရွာထိပ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းစုံစမ်းဖို့ ရောက်ရှိနေတယ်လို့ သိရတာကြောင့် သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်သတင်းပေး သန့်ဇင်အောင်ဟာ ဖမ်းဆီးစစ်ဆေးမေးမြန်းချိန် စက်တင်ဘာလ (၁၅)ရက်နေ့ နံနက် (၉)နာရီခန့်မှာတော့ စခန်းကနေ ထွက်ပြေးတဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီဒေါက်တိုင်တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သူတို့အနီး သွားလာနေထိုင်တာတွေ လုံးဝမပြုလုပ်ကြဖို့ အသိပေးထားတယ်လို့ သိရပါတယ်။